နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ဗီယက်နမ်နဲ့ ရုရှား သဘောတူ

 

ဗီယက်နမ်အစိုးရကတော့ စုစုပေါင်း ၆ ဒဿမ ၄ ဂီဂါဝပ် အထိ စွမ်းဆောင်ရည်ရှိတဲ့ ပထမဆုံး နျူကလီယားဓာတ်အားပေးစက်ရုံတွေကို ၂၀၃၀ ပြည့်နှစ်ကနေ ၂၀၃၅ ခုနှစ်အတွင်း အသုံးပြုနိုင်အောင် မျှော်လင့်ထားတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

၁၂၊ မေ

ဗီယက်နမ်နိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ဗီယက်နမ်နဲ့ ရုရှားတို့ အလျင်အမြန်ပဲ သဘောတူခဲ့ကြတယ်လို့ နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး To Lam က အဆင့်မြင့် နည်းပညာနဲ့ နျူကလီးယားစက်ရုံတွေ တည်ဆောက်ရေးဟာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည် လုံခြုံရေးဆိုင်ရာ စံချိန်စံနှုန်းတွေကို လိုက်နာမှာ ဖြစ်သလို  လူမှုစီးပွားတိုးတက်စေရေးအတွက်လည်း အထောက်အပံ့မှာ ဖြစ်မှာ ဖြစ်တယ်လို့ မော်စကိုခရီးစဉ်ပြီးနောက် မေလ ၁၁ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု နီးပါးကတည်းက ဆိုင်းငံ့ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ပြန်လည်စတင်နေတာပါ ။ ဒါဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ စီးပွားရေးကို ပံ့ပိုးဖို့ ဓာတ်အားထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရေးအတွက် ကြိုးပမ်းမှု တစ်စိတ်တပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အစိုးရကတော့ စုစုပေါင်း ၆ ဒဿမ ၄ ဂီဂါဝပ် အထိ စွမ်းဆောင်ရည်ရှိတဲ့ ပထမဆုံး နျူကလီယားဓာတ်အားပေးစက်ရုံတွေကို ၂၀၃၀ ပြည့်နှစ်ကနေ ၂၀၃၅ ခုနှစ်အတွင်း အသုံးပြုနိုင်အောင် မျှော်လင့်ထားတယ်လို့ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အခုနှစ်အစောပိုင်းမှာလည်း နျူကလီးယား ဓာတ်အားပေးစက်ရုံတွေနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်နဲ့ အမေရိကန် အပါအဝင် တခြားဖိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ဗီယက်နမ်အစိုးရက ပြောထားပါတယ်။

ဗီယက်နမ်နဲ့ ရုရှားနိုင်ငံတို့ဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး သဘောတူညီချက်အပြင် ရုရှားရဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူညီခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေဟာ ဗီယက်နမ်နဲ့ ရုရှား စွမ်းအင်ကုမ္ပဏီတွေ အကြားမှာလည်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ အချင်းချင်း အဆင်ပြေချောမွေ့နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Ref – Reuters