ကာတာတော်ဝင်မိသားစုက သမ္မတထရမ့်ကို ဘိုးရင်းလေယာဉ်လက်ဆောင်ပေးမယ်လို့ သတင်းတွေထွက်ပေါ်

“ကာကွယ်ရေးဌာနအတွက် ၄၀ နှစ် သက်တမ်းရှိတဲ့ Air Force One နေရာမှာ အစားထိုးဖို့ ၇၄၇ လေယာဉ်တစ်စင်း အခမဲ့ရရှိမှာပါ။”လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

၁၂၊ မေ

ကာတာနိုင်ငံ တော်ဝင်မိသားစုက ပေးအပ်လာမယ့် ဘိုးရင်း ၇၄၇-၈ လေယာဉ်ကို အမေရိကန်အစိုးရက လက်ခံသွားဖို့ရှိပြီး အမေရိကန်သမ္မတတွေ စီးနင်းတဲ့ Air Force One အဖြစ် အသုံးပြုသွားမယ်လို့ သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။

တန်ဖိုးကြီး ဘိုးရင်း ၇၄၇-၈ လေယာဉ်ဟာ အမေရိကန်အစိုးရအဆက်ဆက် လက်ခံဖူးတဲ့ တန်ဖိုး အကြီးဆုံး လက်ဆောင်တွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပြီး ထရမ့်သမ္မတ သက်တမ်း ကုန်ဆုံး သွားရင်လည်း အဲဒီလေယာဉ်ကို ထရမ့်ရဲ့ သမ္မတဆိုင်ရာ စာကြည့်တိုက်ကို လှူဒါန်းသွားမယ်လို့ အဲ့ဒီ့သတင်းအရင်းအမြစ်က ပြောတယ်လို့ ဆိုပါတယ်။

အဆိုပါဘိုးရင်းလေယာဉ်ဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ သန်း ၄၀၀ လောက် တန်ဖိုးရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းက ထရမ့်ဟာ လေယာဉ်နဲ့ ပတ်သက်လို့ သူ့ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာ Truth ဆိုရှယ်မီဒီယာမှာ“ကာကွယ်ရေးဌာနအတွက် ၄၀ နှစ် သက်တမ်းရှိတဲ့ Air Force One နေရာမှာ အစားထိုးဖို့ ၇၄၇ လေယာဉ်တစ်စင်း အခမဲ့ရရှိမှာပါ။”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ကာတာနိုင်ငံအနေနဲ့ အခုလို လက်ဆောင်ပေးတာဟာ ကျင့်ဝတ်နဲ့ မကိုက်သလို အမေရိကန်ရဲ့ မူဝါဒတွေနဲ့လည်း မလျော်ညီဘူးလို့ ဒီမိုကရက်ပါတီဝင်တွေနဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်စေရေးအတွက် ပံ့ပိုးနေသူတွေက ပြောခဲ့ကြပါတယ်။

ဆီးနိတ် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူးမားကတော့ ကာတာက ပေးတဲ့ Air Force One ဟာ အမေရိကန်အတွက် အကျိုးရှိတဲ့ အရာမဟုတ်ဘဲ နိုင်ငံခြားလွှမ်းမိုးမှုအတွက် အကျိုးသက်ရောက်မှုကြီးတဲ့ ပံ့ပိုးမှုတစ်ခုဖြစ်တယ်လို့ လူမှုကွန်ရက် X မှာ အသိပေးထားပါတယ်။

အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ကယ်ရိုလိုင်းလက်ဗစ်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ နိုင်ငံခြားအစိုးရတွေက ပေးတဲ့ လက်ဆောင်တွေကို ဥပဒေအတိုင်း လက်ခံနေပြီး ထရမ့်အစိုးရဟာ မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်လုပ်ကိုင်နေတယ်လို့ အသိပေးထားပါတယ်။

ကာတာရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီအယ်အန်ဆာရီကတော့ The New York Times နဲ့ အင်တာဗျူးတစ်ခုမှာ လေယာဉ် လွှဲပြောင်းပေးရေးကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ ဆိုပါတယ်။

ဝါရှင်တန် အခြေစိုက် Citizens for Responsibility and Ethics အဖွဲ့ ပြေရေးဆိုခွင့်ရှိသူတဦးက ကွန်ဂရက်ကနေ အတည်ပြုခြင်းမရှိဘဲ နိုင်ငံခြားအစိုးရတွေထံက လက်ဆောင်ယူတာဟာ အမေရိကန် အခြေခံဥပဒေရဲ့ တားမြစ်ချက်တွေနဲ့ ဆန့်ကျင်နေပြီလားဆိုတဲ့ မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ဟာ အခုတပတ်မှာ အရှေ့အလယ်ပိုင်းဒေသကို ခရီးထွက်ဖို့ ရှိနေပြီး ကာတာကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

Ref – Reuters