၁၁၊မေ။
ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ မအူပင်မြို့ဆိုတာဟာ မြန်မာနိုင်ငံထဲမှာ ရေကျိုငါးပိ အကောင်းစားတွေထွက်တဲ့ ဒေသတွေထဲက တခုပါ။ ဒါပေမယ့် အရင်ကလို ငါးပိရည်ထဲကို ငါးမီးဖုတ်၊ ပုဇွန်မီးဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း စတာတွေနဲ့ ပျစ်ပျစ် နှစ်နှစ်လေး ဖျော်ပြီး တို့စရာအစုံနဲ့ အခြားဟင်းမလိုပဲ စားလို့ရခဲ့တဲ့ ကာလတွေဟာ တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီလို့ မအူပင်မြို့၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်က ဆိုပါတယ်။
“အရင်ကလိုမျိုး ဖျော်မယ် ဆိုရင်တော့ ငါးပိရည်တခွက်ကို တသောင်းပတ်ချာလည် လောက်သွားမှာပဲ ” တဲ့။
ငါးပိအရည်အသွေးဧရာဝတီတိုင်းဟာ ရေချိုရော ရေငံရောရှိတဲ့ဒေသဖြစ်တာကြောင့် ရေချိုငါးပိရော၊ ရေငံငါးပိရော ပေါပေါသီသီရရှိတဲ့ ဒေသတခုဖြစ်သလို ၂၀၁၅ ခုနှစ် နောက်ပိုင်းကာလတွေမှာ ငါးမွေးမြူရေးကန်တွေပါ ပေါများလာတာကြောင့် ကန်ငါးပိ ဆိုတဲ့အမျိုးအစားပါ ထပ်တိုးလာခဲ့ပါသေးတယ်။
ဒီလိုမျိုး ရွေးချယ်စရာအများကြီးနဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေမြင့်လာတာကြောင့် ဟိုးယခင်ကာလက ရောင်းတန်းမြန်မြန်ဝင်နိုင်ဖို့ ဓာတ်မြေဩဇာတွေထည့်ပြီး ငါးပိပြုလုပ်တဲ့ နည်းလမ်းတွေဟာလည်း လျော့နည်းလာခဲ့ဖူးတယ်လို့ ရန်ကုန်မြို့ကနေ CDM ပြုလုပ်ထားတဲ့ FDA ဝန်ထမ်းတဦးက ဆိုပါတယ်။
“၂၀၁၈/ ၁၉ လောက်မှာ ဈေးတွေထဲမှာရောင်းနေတဲ့ ငါးပိတွေမှာကိုက အများကြီးသန့်လာတယ်။ တကယ်က ငါးပိတွေ ငါးပိရေကျိုဖြစ်ဖြစ် ပုဇွန်ငါးပိ၊ မျှင်ငါးပိ ဘာငါးပိနေနေ တကယ့် နည်းလမ်းမှန်မှန်နဲ့ စနစ်တကျလုပ်ထားတာဆိုရင် ကျန်းမာရေးကို အများကြီး အထောက်အကူဖြစ်စေတယ်။ အခုကတော့ မသိတော့ဘူးပေါ့ ” လို့ DNA ကိုရှင်းပြပါတယ်။
ဒါအပြင် ငါးပိတွေဟာ ကယ်ဆီယမ်ဓာတ်တွေနဲ့ ရေပါဝင်မှုနူန်းကလည်း များတာကြောင့် ငါးပိရေကျို ကောင်းကောင်းတခွက်ဟာ အမဲသားကရတဲ့ အဟာရဓာတ်ကို ရနိုင်သလို ကယ်ဆီယမ်ကြွယ်ဝတာကြောင့် အရိုးနဲ့ ကိုယ်ခံအားအတွက် အကျိုးဖြစ်စေတယ်လို့ သူက ဆက်ပြောပါတယ်။
ပုံမှန်အားဖြင့် ငါးပိဆိုရင် ဆားနဲ့သိပ်ကြတာမို့ ငံတယ်။ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာမျိုး ယူဆကြလေ့ရှိပေမယ့် နည်းစနစ်မှန်မှန်နဲ့ သေချာပြုလုပ်ထားတဲ့ ငါးပိတွေဟာ ငါးတွေ၊ ပုဇွန်တွေ၊ မျှင်တွေရဲ့ ချိုတဲ့အရသာရှိကြပါတယ်။
ဆူလွယ်နပ်လွယ် အန္တရာယ်ပင်လယ်ငါးတွေနဲ့ ပြုလုပ်တဲ့ ငါးပိတွေဟာ ချိုပြီးသက်တဲ့ အရသာရှိပြီး၊ ရေချိုငါးတွေနဲ့ ပြုလုပ်တဲ့ ငါးပိတွေဟာ အချိုလေးပင်တဲ့ အရသာရှိတတ်ကြပါတယ်။
ဒါကြောင့်မို့ မြစ်ဝကျွန်းပေါ်ဒေသက သက်ကြီးပိုင်းတချို့ဟာ ငါးပိ အမျိုးအစားတွေကို လိုက်ပြီးတော့ အချိုမှုန့်လွတ် ချက်ပြုတ်စားသောက်ကြတဲ့ အလေ့အထတွေ ရှိခဲ့ကြတာ ဖြစ်တယ်လို့ လက်ရှိ ညောင်တုန်းမြို့မှာ နေထိုင်နေတဲ့ ဒေါ်နန္ဒာစိုးဝေက ဆိုပါတယ်။
သူက လက်ရှိမှာ ညောင်တုန်းမှာ နေထိုင်နေပေမယ့် လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ ပုသိမ်ဘက်မှာ ငါးပိ၊ ငါးခြောက် ထုတ်လုပ် ဖြန့်ချိရေး လုပ်ခဲ့သူတဦး ဖြစ်ပါတယ်။
ငါးပိတွေကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ရောင်းချနိုင်ခဲ့ရာကနေ အစစ အရာရာ ကြပ်တည်း လာချိန်မှာတော့ အရည်အသွေးတွေကို လျော့ချလိုက်ရသလို ငါးပိ၊ ငါးခြောက် မြန်မြန်ဖြစ်ပြီး ကြာကြာအထားခံနိုင်ဖို့ အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေကို ထည့်သွင်းရတာမျိုး မလုပ်ချင်တော့လို့ လုပ်ငန်းကို ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်။
“ ကျွန်မတို့က ငါးပိကို သေချာ ကောင်းကောင်းလေးလုပ်ရင် အချိုမှုန့်မလိုဘူး။ ငါးပိဆိုတာ နဂိုကတည်းက အောက်ခြေလူတန်းစား ဆင်းရဲသားတွေ စားကြတာများတာကို ကျွန်မကြောင့် သူတို့ဆီမှာ ရောဂါဖြစ်မှာမျိုး မလိုလားဘူး။ ပြီးတော့ အဲ့လိုမလုပ်ရင်လည်း ခုချိန်မှာ ငါးပိကို ကိုက်အောင်ရောင်းလို့မရဘူး ” လို့ သူကဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင် အခြေခံအလုပ်သမားတဦးရဲ့ တရက် အလုပ်ချိန် ၈ နာရီအတွက် လုပ်အားခ ၄၈၀၀ ကျပ် ရရှိချိန်မှာ သဘာဝ ငါးပိစစ်စစ် ၁၀၀ ဖိုးနဲ့ အခြားအဆာပလာ ၂၀၀ ကျပ်ဖိုးလောက်သုံးလိုက်ရင် မိသားစုငယ်တခုအတွက် လုံလောက်မျှတတဲ့ ဟင်းတခွက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ငါးပိရည်ဟာ ငွေကြေးချွေတာဖို့အတွက် အသုံးဝင်တဲ့ ဟင်းတခွက်လည်း ဖြစ်ပါတယ်။
ဒါအပြင် ငါးပိ လုပ်ငန်းခွင် အများစုဟာ အမျိုးသ မီးတွေနဲ့ လည်ပတ်လေ့ရှိကြတာကြောင့် အမျိုးသ မီးတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း တခုလည်းဖြစ်စေခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး ဧရာဝတီတိုင်းက မိသားစု အများစုဟာ အိမ်မှာ ငါးပိသိပ်စားတတ်ကြတဲ့သူတွေ ဖြစ်တာမို့ စီးပွားရေး အခွင့်အလမ်းနဲ့ အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ရခဲ့တဲ့အချိန်တုန်းက အိမ်တွင်း ငါးပိလုပ်ငန်းတွေကနေလည်း ဝင်ငွေရရှိနိုင်ဖို့ အမျိုးသမီးနဲ့ လူငယ်တွေဟာ တီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။
ငါးပိရည် ကောင်းကောင်း စားချင်တယ်၂၀၂၀ ပြည့်နှစ် ကိုဗစ်ကန့်သတ်ချက်တွေနဲ့ကာလထဲမှာ ဧရာဝတီတိုင်းသားတွေ ဖျော်စားလေ့ရှိကြတဲ့ ငါးပိရေကျို မပျစ်မကျဲလေးထဲကို ငါးမီးဖုတ် ပျစ်ပျစ် နှစ်နှစ်ထည့်ဖျော်ပြီး အခြားသော ပုဇွန်နဲ့ ပင်လယ် စာတချို့ အလှ ဆင်ထားတဲ့ ငါးပိရေကျိုဖျော်ပြီးသားတွေဟာ လူမှုကွန်ရက်မှာ ခေတ်စားခဲ့ပါသေးတယ်။
“ ငါးပိရည် ပျစ်ပျစ်ဆိုတာ ငါးပိအများကြီးကို ရေနည်းနည်းနဲ့ ကျိုထားတာကိုပြောတာ မဟုတ်ဘူး သူ့မှာထည့်ရတဲ့ အဆာပလာတွေကို ဘယ်လောက်ထည့်ထားတာလဲနဲ့ တိုင်းတာရတာ။ ခုကတော့ ငရုတ်သီးမှုန့်တောင် ဆိုးဆေးတွေနဲ့ ” လို့ ဇလွန်မြို့နယ်ထဲက ရွာလေးတခုမှာနေထိုင်တဲ့ ဒေါ်စောက ပြောပါတယ်။
သားနှစ်ယောက်ကို စစ်မှုထမ်းရှောင်နိုင်ဖို့ ငွေကုန်ကြေးကျများခဲ့ရတဲ့ ဒေါ်စောက လက်ရှိမှာတော့ ကျဘမ်းအလုပ်တွေ လုပ်ကိုင်နေရပြီး နေ့စားခ ၁ သောင်းဝန်းကျင် ရရှိတဲ့ အချိန်မျိုးတွေမှာတောင်မှ အရည်အသွေးကောင်းတဲ့ ငါးပိဝယ်စားနိုင်ဖို့ဆိုတာက မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။
“ ငါးပိရည်မပါရင် ထမင်းစားမဝင်လို့သာ စားနေရတယ် ငါးပိရည်တခွက်ဟာ ငရုတ်သီးမှုန့်နဲ့ ငါးပိနဲ့တင် ၁ ထောင်ရှိတယ်။ အရင်လို ငါးလေး ဖားလေးထည့်ဖို့ဝေး ငါးပိကမချိုလို့ အချိုမှုန့်ထည့်ဖို့တောင် တခါတလေ မထည့်နိုင်ဘူး ” လို့ အခြေအနေကို ရှင်းပြပါတယ်။
ပြည့်စုံတဲ့ ငါးပိဖျော်ရည်ဖြစ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအလှော်မှုန့်နဲ့ ငါးပြုတ် ဒါမှမဟုတ် ငါးမီးဖုတ် ဟာ အခြေခံလိုအပ်ချက်တွေ ဖြစ်ကြပါတယ်။
ဒေါ်နန္ဒာစိုးဝေရဲ့ အကူညီနဲ့ အဆက်သွယ်ရခဲ့တဲ့ ငါးမွေးမြူရေးလုပ်ငန်းနဲ့ ငါးပိလုပ်ငန်းကို တွဲလုပ်နေတဲ့ လုပ်ငန်းရှင်တဦးကတော့ ပုံမှန်ဝင်ငွေမရှိတဲ့ ဧရာဝတီတိုင်းက လက်လုပ်လက်စား ကျဘမ်းအလုပ်သမားတွေနဲ့ လူလတ်တန်းစားတွေအတွက် ငါးပိရည် ကောင်းကောင်းဆိုတာ ဇိမ်ခံပစ္စည်းဖြစ်လာနေပြီလို့ ဆိုပါတယ်။
သူက “ ကျွန်တော်တို့ ကန်ငါးပိတောင်မှ ဖောက်သည်ဈေးကို ၆၀၀ ရှိပါတယ်။ အဲ့တော့ လက်ကားဈေးမှာ ၆၀၀ နဲ့ရတယ်ဆိုရင် အဲ့ငါးပိရဲ့ အရည်အသွေးကို မေးစရာတောင် မလိုတော့ပါဘူး။ နောက်တခုက အဲ့ငါးပိတွေက ရန်ကုန်ကနေ ပြန်ဝင်လာတာတွေ များပါတယ် ” လို့ DNA ကို ပြောပါတယ်။
ဒါအပြင် ငါးပိသိပ်ချိန်မှာ နေ့စားလာလုပ်ကြတဲ့ အမျိုးသမီးတွေဟာ ခွဲတမ်းရတဲ့ ငါးပိတွေကို မစားပဲ ပြန်ရောင်းကြရတဲ့အထိ ကြပ်တည်းကြတယ်ဆိုတဲ့ အကြောင်းကိုလည်း အချိန်အတော်ကြာ ရှင်းပြပေးခဲ့ ပါသေးတယ်။
ဧရာဝတီတိုင်းက ရေကျိုငါးပိ လုပ်တဲ့စနစ်မှာ အခြေခံ အကျဆုံးက ဘယ်လိုငါးအမျိုးအစားကို သုံးမှာလဲ၊ ညက်အောင်ထောင်းမှာလား၊ ခါးကျိုးရုံထောင်းမှာလားနဲ့ အနည်းဆုံး ၆ လလောက် နှပ်ထားဖို့ပါပဲ။ နှပ်သား ၆ လ မရှိတဲ့ ငါးပိတွေဟာ ခါးတတ်ပြီးတော့ နှပ်သားမရတဲ့အခါမှာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ယူဆကြပါတယ်။
မြန်မာတနိုင်ငံလုံးကထွက်တဲ့ ငါးနဲ့ ငါးပိ ရဲ့ ၆၀ ရာခိုင်နူန်းဟာ ဧရာဝတီတိုင်းက ထွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန (Department of Fisheries) က ၂၀၁၈ မှာ သတင်းထုတ်ပြန်ထားပါတယ်။
DNA အနေနဲ့ ၂၀၂၁ နောက်ပိုင်း ဈေးကွက် အချက်အလက်တွေကို နှိုင်းယှဉ်ဖို့ တိကျတဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခြင်း မရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖေါင်းပွမှု အခြေအနေ ၊ ထုတ်လုပ်မှု ကုန်ကျစားရိတ်မြင့်တက်လာတဲ့ အခြေအနေ ၊ ဖြန့်ချိရေးအတွက် လမ်းခရီး အသုံးပြုရာမှာ တရားဝင်ရော တရားမဝင်ပါ ကုန်ကျစားရိတ် တိုးမြင့်လာတဲ့ အခြေအနေတွေကြောင့် ဈေးကွက်အတွင်းက ငါးပိအရည်အသွေးပေါ်မှာ သက်ရောက်မှု ရှိနိုင်မလားဆိုတာ စောင့်ကြည့် လေ့လာလျှက်ရှိပါတယ်။
ဒါပေမယ့် ဧရာဝတီတိုင်း အတွင်းမှာနေထိုင်ပြီး ဧရာဝတီတိုင်းကထွက်တဲ့ ငါးပိကို ကောင်းကောင်းမွန်မွန် မစားနိုင်တော့တဲ့ အခြေအနေဖြစ်လာနေပြီလားဆိုတာကတော့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။
“ ဆန်အကောင်းစား မစားနိုင်တာကို ဝမ်းမနည်းပါဘူး။ ငါးပိရည်ကိုတော့ ကောင်းကောင်းလေး စားချင်တာပေါ့။ ပြန်စဉ်းစားရင် သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ ” မအူပင်မြို့သူ ဒေါ်တင်တင်က ပြောပါတယ်။