၁ ၊ မေလ
အမေရိကန်အစိုးရစွမ်းဆောင်မှုဌာန (DOGE) အကြီးအကဲ အီလွန်မက်ခ်က သူ့အနေနဲ့ အနာဂတ်မှာ အစိုးရအလုပ်တွေ လျှော့ချပြီး သူ့အပိုင် Tesla ကုမ္ပဏီအတွက် ပြန်လည်အချိန်ပေးတော့မှာ ဖြစ်တယ်လို့ အသိပေးလာပါတယ်။
အမေရိကန် သမ္မတ ထရမ့်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာ အာဏာရှင်ဆန်ဆန် အစိုးရအသုံးစရိတ် ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့တဲ့ အီလွန်မက်ခ်အနေနဲ့ စီမံကိန်းတွေမှာ ဒေါ်လာ ၁၆၀ ဘီလီယံ သက်သာစေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကနဦး ကြွေးကြော်ထားတဲ့ DOGE အနေနဲ့ ဖက်ဒရယ်ဝန်ထမ်းသမဂ္ဂတွေရဲ့ ငွေကြေးစီးဆင်းမှုတွေအတွက် ၂ ထရီလီယံလောက်ကို ဖြတ်တောက်ပစ်မယ်ဆိုတဲ့ ပြောကြားမှုတွေကတော့မအောင်မြင်ခဲ့ပါဘူး။
ထရမ့်အစိုးရဝန်ကြီးတွေနဲ့ နှုတ်ဆက်ပွဲမှာ အီလွန်မက်ခ်က DOGE ဌာနအတွက် မေလကနေစပြီး တစ်ပတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်သာ အချိန်ပေးနိုင်တော့မှာဖြစ်ပြီး ပုံရိပ်တွေကျဆင်းနေတဲ့ Tesla ကုမ္ပဏီကို ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
“ခင်ဗျားရဲ့ မယုံနိုင်စရာကောင်းလှတဲ့ ဝန်ကြီးအဖွဲ့တွေအပြင် ခင်ဗျားနဲ့ အလုပ်လုပ်ရတာ ဂုဏ်ယူမိပါတယ်။ အရာအားလုံးအတွက်ကျေးဇူးလည်းတင်ပါတယ်”လို့ အီလွန်မက်ခ်အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ သမ္မတထရမ့်ကို ပြောခဲ့တယ်လို့ CNBC သတင်းဌာနက ဖော်ပြပါတယ်။
အီလွန်မက်ခ်ဟာ ထရမ့်သမ္မတ ဖြစ်လာရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားပေးခဲ့တဲ့ ဘီလျံနာတစ်ဦးဖြစ်သလို သမ္မတဖြစ်လာချိန်မှာလည်း ထရမ့်စိတ်ကြိုက် DOGE ဌာနကို ဦးဆောင်နိုင်ခဲ့ပေမဲ့ တစ်ဘက်မှာ သက်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။
DOGE စီမံကိန်းကို စတင်ချိန်ကစပြီး အီလွန်မက်ခ်ဟာ ဝေဖန်မှုတွေခံခဲ့ရသလို နောက်ဆုံး Tesla ကားတွေရဲ့ တည်နေရာတွေကိုပါ ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးတာတွေ၊ ဆန္ဒပြခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် ထရမ့်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း အီလွန်မက်ခ်အနေနဲ့ ဒေါ်လာ ၁၁၃ ဘီလီယံ ဆုံးရှုံးသွားခဲ့ပြီး အီလွန်မက်ခ်ရဲ့ ကြွယ်ဝမှုဟာ ၂၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ Bloomberg က ရေးသားထားပါတယ်။
#အီလွန်မက်ခ် #Tesla #ထုတ်ပြောလာ #နိုင်ငံတကာ #DeltaNewsAgency #DNA