“ တခါတခါကျ ငလျင်လား တခုခုကြောင့် တုန်တာလား မသိပေမယ့် စိတ်က ငလျင်ပဲထင်နေတယ်။ စစ်ရေးရော လယ်ရှုံးတာရော ငလျင်ရော စိုးရိမ်ကြောင့်ကြနေရတာပါပဲ ” လို့ မအူပင် အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးကြီးတဦးက ဆိုပါတယ်။
၂၄၊ဧပြီ။
ဧရာဝတီတိုင်းက ကပ္ပလီပင်လယ်ကွေ့နဲ့ နီးစပ်တဲ့ဒေသတွေမှာ ငလျင်လှုပ်မှုကို မကြာခဏ ခံစားနေရပေမယ့် ဆူနာမီဖြစ်နိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ငလျင်မျိုးလှုပ်နိုင်ချေမရှိသလို ကြီးမားတဲ့ အန္တရာယ် မရှိနိုင်ဘူးလို့ ငလျင်ကျွမ်းကျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောပါတယ်။
ဒါအပြင် မတ်လ အစောပိုင်းက အဆောက်အဦတွေပြိုကျတဲ့အထိ ငလျင်လှုပ်ခတ်ခဲ့တဲ့ မအူပင်မြို့နယ်မှာ မကြာခဏဆိုသလို ငလျင်အသေးလေးတွေ လှုပ်နေတာကြောင့် ဆူနာမီဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလာဟလ ဖြန့်ဝေမှုတွေကလည်း ရှိနေပါတယ်။
ဒေါက်တာ မျိုးသန့်ကတော့ “ ကပ္ပလီပင်လယ်ကွေ့က ဆူနာမီဖြစ်နိုင်တဲ့ ငလျင်တွေ လှုပ်လေ့လှုပ်ထမရှိဘူး။ သူ့ရဲ့ဘူမိဗေဒဖြစ်စဉ်အရ သူ့ရဲ့ဆွဲဆန့်အားက ဆန့်ကျင်ဘက်ကို ခွဲခွာသွားတာဆိုတော့ သူသည် ဆူနာမီဖြစ်စရာ ပတ်ဝန်းကျင်မဟုတ်ဘူး။ ပုံမှန်ပြတ်ရွေ့ဖြစ်တာကြောင့် ဆွဲဆန့်အားဖြစ်ပြီး အန္တရာယ်မရှိနိုင်ဘူး ” လို့ ဆိုပါတယ်။
မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ညောင်တုန်းမြို့နဲ့ မအူပင်မြို့တို့မှာ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင် ၃ ကြိမ်လှုပ်ခဲ့တာကြောင့် မအူပင်မှာရှိတဲ့ ဘုရားကျောင်းကန်တချို့ ပြိုကျပျက်ဆီးတာတွေ ဖြစ်ခဲ့ပါတယ်။
မတ်လ ၂၈ ရက်နေ့မှာတော့ အင်အား ရစ်(ခ်)တာစကေး ၇ ဒဿမ ၇ ရှိတဲ့ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ဧရာဝတီတိုင်းဟာ ငလျင်ကြောင့်ဖြစ်လာတတ်တဲ့ ဆူနာမီကို စိုးရိမ်ဖို့လိုတယ်ဆိုတဲ့ ကောလာဟလတွေ ဆက်တိုက်ထွက်လာနေခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ငလျင်ကျွမ်းကျင် ဘူမိဗေဒ ပညာရှင်တွေကတော့ စစ်ကိုင်းငလျင်ကြောင့် ဆူနာမီဖြစ်လာနိုင်ချေ မရှိကြောင်းနဲ့ ကပ္ပလီပင်လယ်ကွေ့ဘက်ကနေ ဆူနာမီဖြစ်လာနိုင်ချေ မရှိကြောင်းကို ဆက်တိုက်ဆိုသလို သတင်းတွေ ထုတ်ပေးနေခဲ့ပါတယ်။
ဒါပေမယ့်လည်း အဒမန်ပင်လယ်နဲ့ ကပ္ပလီပင်လယ်ကွေ့တွေနဲ့ နီးတဲ့နေရာတွေမျာ ငလျင်ကို မကြာခဏ သိသိသာသာ ခံစားနေရတာကြောင့် စိုးရိမ်မှုတွေက ဆက်တိုက်ရှိနေကြတာဖြစ်ပါတယ်။
“ တခါတခါကျ ငလျင်လား တခုခုကြောင့် တုန်တာလား မသိပေမယ့် စိတ်က ငလျင်ပဲထင်နေတယ်။ စစ်ရေးရော လယ်ရှုံးတာရော ငလျင်ရော စိုးရိမ်ကြောင့်ကြနေရတာပါပဲ ” လို့ မအူပင် အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးကြီးတဦးက ဆိုပါတယ်။
ဧရာဝတီတိုင်းက ကမ်းရိုးတန်းတွေအနေနဲ့ ဆူနာမီဖြစ်နိုင်ချေဟာ အင်ဒိုနီးရှားရဲ့ ဆူမာတြားကျွန်းက ငလျင်နဲ့သာ သက်ဆိုင်တာကြောင့် ဆူနာမီကို စိုးရိမ်ကြတယ်ဆိုရင် ဆူမာတြားမှာဖြစ်တဲ့ ငလျင်တွေကို ပိုပြီးသတိထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားကြပါတယ်။