ပုသိမ်မြို့နယ်အတွင်း ကျေးရွာတချို့ ရေချိုပြတ်လပ်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေချိုပြတ်လပ်ပြီဖြစ်တဲ့အတွက် မြို့ပေါ်ကနေ ရေချို သွားရောက် ပေးဝေနေရတယ်လို့ သိရပါတယ်။ ဒီလို ရေချိုပြတ်လပ်မှုအတွက် ပုသိမ်မြို့ပေါ်ကနေ နှစ်စဉ် ရေပေးဝေခဲ့ရတာ ဖြစ်ပြီး ဒီနှစ်မှာတော့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ပုံမှန်ရေလှူနိုင်ဖို့ အခက်အခဲရှိတယ်လို့ ပုသိမ်မြို့ခံတဦးက DNA ကိုပြောပါတယ်။

“မီးမလာတော့ ရေထည့် ဖို့က ဆိုးတယ်။ရွှေမြင်းပျံလည်း မီးလာမှပဲ ရေပေးတော့တယ်”လို့ ပြောပါတယ်။

ပုသိမ်မြို့ပေါ်ကနေ ငွေဆောင်၊ချောင်းသာ ၊မော်တင် ၊ ငပုတော ဘက်ကို သွားတဲ့ ကားလမ်းတလျှောက်မှာ ရှိတဲ့ ကျေးရွာတွေဟာ ရေချိုအတွက် မိုးရေကိုသာ လှောင်ပြီး သုံးကြရတဲ့အတွက် နှစ်စဉ် မတ်လကစပြီး ရေချိုပြတ်လပ်မှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်၊

ဒီနှစ်အတွက် သင်္ကြန်အကြိုကာလာမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ဒီနှစ်မှာ ရေပြတ်လပ်တာ အနည်းငယ် သက်သာတယ်လို့ ငပုတောဒေသခံတဦးက ပြောပါတယ်။

“မိုးရွာထားတော့ အောက်ရေလည်း မခမ်းဘူး ထင်တယ်၊ ဒီနှစ်တော့ ရေအလှူကားတွေ ဆင်းတာ မတွေ့သေးဘူး”လို့ ဆိုပါတယ်။

ဒါပေမယ့် ဧပြီလ တတိယပတ်က စပြီး ရာသီဥတု ပူပြင်းလာတဲ့အတွက် မော်တင်လမ်းနဲ့ ၊ ချောင်းသာလမ်းပေါ်မှာ ရှိတဲ့ ကျေးရွာတွေ ရေချို စတင်ပြတ်လပ်ပြီး ပုသိမ်မြို့ပေါ်ကနေ ရေပေးလှူနေရပြီလို့ သိရပါတယ်။