၂၃၊ဧပြီ။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့ရဲ့ တဖက်ကမ်း ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်တောက်မှုကြောင့် လတ်တလောကာလကစပြီး ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ ဘက်မှာ ဓါတ်ဆီ ဝယ်လို့ မရတော့ဘူး၊ စားသောက်ကုန်တွေက အစ”လို့ စက်စက်ယိုရွာ အနီးမှာ နေထိုင်တဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
တိုက်ပွဲတွေစဖြစ်တဲ့ ပြီးခဲ့တဲ့မတ်လကတည်းက အဲဒီဒေသမှာ အဓိကထား မှီခိုရတဲ့ ပုသိမ်-မုံရွာ ကားလမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု ခက်ခဲခဲ့တာလို့ ဆိုပါတယ်။
“ငသိုင်းချောင်းဘက် ပိတ်တယ်၊ ဟိုဘက်ဆိုရင် လေးမျက်နှာပေါ့” လို့ ပြောပါတယ်။ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ် အစပ်က ပိန္နဲကွင်း ၊ ဝါးတောကွင်း ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အတွက် ကွင်းကောက်ဘက်ကို သွားလို့ မရဘူးလို့ အဆိုပါ ဒေသခံက ရှင်းပြပါတယ်။
၂၀၂၄ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ ဧရာဝတီတိုင်း အစပ် ၊ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ ဂွမြို့ကို သိမ်းပိုက်နိုင်ခဲတဲ့ အာရက္ခတပ်တော်ဟာ လျှင်လျှင်မြန်မြန်ပဲ ဧရာဝတီတိုင်းအတွင်းကို ဆက်တိုက် ထိုးစစ် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းမှာ အာရက္ခတပ်တော်ဟာ ရန်ကုန် ၊ ဧရာဝတီ စတဲ့ ပြည်မ နဲ့ ရခိုင်ပြည်နယ်ကို အဓိက ဆက်သွယ်ထားတဲ့ ရန်ကုန်-ငသိုင်းချောင်း-ဂွလမ်းပေါ်က ဗေဒါစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဧရာဝတီအတွက် စစ်ရေးခေါင်းလောင်းကို စတင်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
“မတ်လ ကတည်းက ရဲ နဲ့ ထွေအုပ်က အစည်းအဝေး ခေါပြီး လေးမျက်နှာဘက်ကို ဆီမရောင်းဖို့ ပိတ်ခဲ့တာ” လို့ ရေကြည်မြို့နယ်အတွင်းက အမည်မဖေါ်လိုတဲ့ စက်သုံးဆီ လုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။ အခုလို တားမြစ်မှုဟာ ဟင်္သာတမြို့နယ်က စက်သုံးဆီ ရောင်းဝယ်ကြတဲ့ လုပ်ငန်းရှင်တွေမှာပါ အလားတူ ညွှန်ကြားချက်မျိုး ရရှိခဲ့ပြီး အခုဆိုရင် မြို့ပေါ်မှာရှိတဲ့ battery pump နဲ့ ရောင်းချနေတဲ့ ဆီဆိုင်တွေ ပိတ်လိုက်ရပြီလို့ သိရပါတယ်။
“ဂွဘက်ကို ဆီတို့ ဆန်တို့ ပို့မှာ စိုးလို့ တားတာ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်မှာက လယ်ထဲ စိုက်ပျိုးရေးအတွက် ဆီသုံးဖို့ မပြောနဲ့ ဆိုင်ကယ်စီးဖို့ ဆီတောင် မရတော့ဘူး” လို့ စောပြာကျေးရွာ အနီး နေထိုင်သူ တဦးက ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ဧရာဝတီထိုးစစ်ဟာ ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီ လတွေမှာ ပုသိမ်ခရိုင်ထဲက သာပေါင်းမြို့နယ် နဲ့ ရေကြည်မြို့နယ်ထဲကို ဦးတည်ခဲ့ပေမယ့် မတ်လ အရောက်မှာတော့ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်ဘက်ကို ဦးလည်လာခဲ့တာ ဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်ထဲကို ထိုးစစ်ဝင်လာတဲ့ အာရက္ခတပ်တော်ဟာ အစောပိုင်းမှာ ရခိုင်ရိုးမနဲ့ ပုသိမ်-မုံရွာ ကားလမ်းမ အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စိုးမိုးနိုင်ရာကနေ ဧပြီလထဲမှာ ပုသိမ်- မုံရွာကားလမ်း အရှေ့ခြမ်းအထိ ကူးလာနိုင်ခဲ့ပြီး ငဝန်မြစ် အနောက်ခြမ်းက ကျေးရွာတွေအထိ စိုးမိုးလာနိုင်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ငဝန်မြစ် အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ လေးမျက်နှာမြို့ပေါ်က အစိုးရဌာနတွေဟာ မတ်လထဲမှာ ခရိုင်မြို့ဖြစ်တဲ့ ဟင်္သာတကို အလောတကြီး ပြောင်းရွှေသွားကြရတာ ဖြစ်ပါတယ်။
“စစ်ကောင်စီက ငဝန်မြစ် ဖြတ်လမ်းတွေကို အကုန်လိုက်ပိတ်နေတယ်ဗျ ။ လေးမျက်နှာကို လာတိုက်မှာ စိုးလို့လား မသိဘူး။မြစ်ကို ကူးပေးနေတဲ့ စက်လှေပိုင်ရှင်တွေကိုလည်း ဖမ်းသွားတယ် ကြားတယ်” လို့ လေးမျက်နှာ မြို့ခံတဦးက DNA ကိုပြောပါတယ်။
ဒါပေမယ့် ငဝန်မြစ်အတွင်းက စက်လှေပိုင်ရှင်တွေ ကိုဘယ်အချိန်က ဖမ်းသွားခဲ့တယ် ၊ စက်လှေပိုင်ရှင် ဘယ်နှစ်ဦး အဖမ်းခံရတယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဖက်ကတော့ အာရက္ခတပ်တော် ထိုးစစ်ဝင်ရောက်နေတဲ့ ဒေသတွေကို ဆီ နဲ့ ဆန် ဖြတ်တောက်ဖို့ အသည်းအသန် ကြိုးစားနေပြီး လွန်ခဲ့တဲ့ ဧပြီလ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ပေါ်က ဆန်နဲ့ပဲ အဓိက ရောင်းဝယ်တဲ့ ပွဲရုံလုပ်ငန်းရှင် ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ငသိုင်းချောင်းမြို့ခံတွေရဲ့ ယူဆချက်အရ ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းကို ဆန်ပို့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပြီး လုပ်ငန်းရှင်တွေကို ငွေညှစ်ချင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဧပြီလ ၂၃ ရက်နေ့ အတည်ပြုချက်အရ ငသိုင်းချောင်းမြို့ပေါ်က လုပ်ငန်းရှင် ၂ ဦးထပ်တိုး ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင် ၁၁ ဦး ရှိပြီလို့ သိရပါတယ်။
“စပါးရှိပြီး ဆန်ကြိတ်မရတော့ ဆန်လည်း မပေါတော့ဘူး။မိုးကျလာရင် စားဝတ်နေရေး အခက်တွေ့ကုန်ကြတော့မယ်” လို့ စက်စက်ယိုရွာအနီး နေထိုင်သူ လူငယ်တဦးက DNA ကိုပြောပါတယ်။
အခုဆိုရင် လေးမျက်နှာ အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာရှိတဲ့ ဆန်စက်တွေကို စပါးကြိတ်ခွင့် စစ်ကောင်စီက ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။အဲဒါကြောင့် ဒေသခံတွေအနေနဲ့ တဖက်မှာလည်း စစ်ပွဲတွေဟာ ကိုယ့်ရွာကို ဘယ်အချိန်ရောက်လာမလဲ စိတ်ပူနေကြရသလို ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကိုယ့်လယ်ထဲက ရိတ်သိမ်းထားတဲ့ စပါးတွေ ရှိနေပေမယ့် စက်တွေကို ကြိတ်ခွင့်ပိတ်ထားတဲ့အတွက် ဆန်ရှားတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပြီလို့ သိရပါတယ်။
ပုံစာ- လေးမျက်နှာမြို့ ငဝန်မြစ်ကမ်း တနေရာကို တွေ့ရစဉ်