“ခဏ လိုက်ခဲ့ပါဦး ဆိုပြီးပဲ ခေါ်သွားတာ ၊အခု အိမ်ကလူတွေနဲ့လည်း ပေးမတွေ့ဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်”လို့ ရွှေပြည်အေးပွဲရုံ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။ ပွဲရုံပိုင်ရှင် မဖြူဖြူလှိုင်မှာ ကင်ဆာဝေဒနာ ခံစားနေရသူ တဦးဖြစ်ပြီး ပုံမှန်ဆေးခန်းပြနေရသူလည်း ဖြစ်ပါတယ်။
၂၁၊ဧပြီ။
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ၊ ငသိုင်းချောင်းမြို့ပေါ်က လုပ်ငန်းရှင် ၉ ဦးအထိ တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံထားရပြီလို့ သိရပါတယ်။
ဧပြီလ ၁၉ ရက်နေ့ စနေနေ့ညက ငသိုင်းချောင်းမြို့က နာမည်ကြီးပွဲရုံတခု ဖြစ်တဲ့ ရွှေပြည်အေးပွဲရုံပိုင်ရှင် လင် လင်မယား နှစ်ဦးစလုံးကို ငသိုင်းချောင်းရဲစခန်းက အိမ်မှာ လာဖမ်းသွားခဲ့တာပါ။
“ခဏ လိုက်ခဲ့ပါဦး ဆိုပြီးပဲ ခေါ်သွားတာ ၊အခု အိမ်ကလူတွေနဲ့လည်း ပေးမတွေ့ခိုင်ဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်”လို့ မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။ ပွဲရုံပိုင်ရှင် မဖြူဖြူလှိုင်မှာ ကင်ဆာဝေဒနာ ခံစားနေရသူ တဦးဖြစ်ပြီး ပုံမှန်ဆေးခန်းပြနေရသူလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ ထိုးစစ်က ရခိုင်ပြည်နယ် ဂွမြို့ကို သိမ်းပိုက်အပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသထဲကို ထိုးဖေါက်ဝင်ရောက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ အခုလို ထောက်ပို့လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက သုံးသပ်နေပါတယ်။
“ရွှေပြည်အေးမိသားစုက နအဖ လက်ထက် ဒေါ်စု ငသိုင်းချောင်းလာတော့ သူတို့ အိမ်မှာပဲ တည်းခိုနေထိုင်သွားတာ ၊ ဒါပေမယ့် အခုနောက်ပိုင်းက မဖြူလည်း ကျန်းမာရေးမကောင်းတော့ သူတို့လည်း အိမ်ထဲက အိမ်ပြင်တောင် မထွက်ပါဘူး။ တောထဲကလူတွေနဲ့လည်း အဆက်သွယ် ရှိပုံမရ ပါဘူး ။ ငွေညှစ်ချင်လို့ ဖမ်းတာနေပါမယ်”လို့ မြို့ခံတဦးက သုံးသပ်ပါတယ်။
ဧပြီ ၂၀ ရက်နေ့ တနင်္ဂနွေညမှာ မြို့ပေါ်က လုပ်ငန်းရှင် ၇ ဦးကို ထပ်မံ ဖမ်းသွားပြန်ပါတယ်။ ဖမ်းသွားတဲ့ လုပ်ငန်းရှင်တွေထဲမှာ ငသိုင်းချောင်းမြို့က နာမည်ကြီးပွဲရုံတွေဖြစ်တဲ့ ဦးလေဟုန်း ပဲပွဲရုံ ၊ ကောင်းဇင်သန့် ပွဲရုံပိုင်ရှင်(အမည်စုံစမ်းဆဲ) ၊ ရတနာပွဲရုံပိုင်ရှင်(အမည်စုံစမ်းဆဲ)၊ ဦးမျိုးသိန်း ပွဲရုံက ဦးယုမောင် ၊ သုံးရာသီ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးက ကိုဟိန်းမင်း ၊ နေဇော်ထွန်းပွဲရုံပိုင်ရှင် ကိုနေဇော်ထွန်း ၊ သိန်းထိုက်ဇော် ပွဲရုံပိုင်ရှင်(အမည်စုံစမ်ဆဲ) တို့ပါဝင်တယ်လို့ ကနဦး အတည်ပြုထားနိုင်ပါတယ်။
“ဆန်နဲ့ပဲ လုပ်တဲ့သူတွေပေါ့ မြို့မှာ နာမည်ကြီးတွေချည်းပဲ ။ ပွဲရုံတွေကလည်း အကြီးဆုံး သမားတွေကို ဖမ်းတာ။ ပွဲရုံပိုင်ရှင် ၆ ယောက် ၊ အိမ်ဆောက်ပစ္စည်းပိုင်ရှင် တယောက်”လို့ ငသိုင်းချောင်းမြို့က လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အခုလို ငသိုင်းချောင်းမြို့ပေါ်က လုပ်ငန်းရှင်တွေကို ဘာအတွက် ဖမ်းဆီးရတယ် ဆိုတဲ့ အကြောင်းကို သိနိုင်ဖို့ DNA အနေနဲ့ ရေကြည်မြို့နယ် ရဲစခန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပြီး ဒီနေ့ ညနေ အထိ ဖုန်းအဆက်အသွယ် မရသေးပါဘူး။
ဒီနေ့ မွန်းလွဲပိုင်းအထိ ငသိုင်းချောင်းမြို့က ဖမ်းဆီးသွားတဲ့ လုပ်ငန်းရှင်တွေကို ရေကြည်မြို့နယ် ရဲစခန်းမှာပဲ ထိန်းသိမ်း ထားတယ်လို့ သိရပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။
ငသိုင်းချောင်းမြို့ဟာ ရခိုင်ပြည်နယ်နဲ့ ဧရာတီကို ဆက်သွယ်ထားတဲ့ ရန်ကုန်-ငသိုင်းချောင်း-ဂွ လမ်းမကြီးနဲ့ ပုသိမ်-မုံရွာလမ်းမကြီး တွေပေါ်မှာ ရှိနေပြီး စီးပွားရေး အချက်အခြာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ လက်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဟင်္သာတခရိုင် ၊လေးမျက်နှာမြို့နဲ့ ပုသိမ်ခရိုင်အတွင်းက ငသိုင်းချောင်းမြို့ဟာ ပုသိမ်- မုံရွာ လမ်းအတိုင်း ပုံမှန်ကားမောင်းချိန် တနာရီခန့်သာ အကွာအဝေးမှာ ရှိနေပါတယ်။