လေးမျက်နှာမြို့နဲ့ ခုနှစ်မိုင်သာဝေးတဲ့ ပန်းတောကြီးရွာမှာ တိုက်ပွဲပြင်းထန်

 

ဧပြီ ၁၇

ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နဲ့ ၇ မိုင်သာဝေးတဲ့ ပန်းတောကြီးရွာမှာ စကစ နဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသ ခံတွေအားလုံးနီးပါး စစ်ရှောင်နေကြရပြီလို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။

“မနေ့ကစပြီး ဒီနေ့အထိလက်နက်ကြီးသံတွေအ ဆက်မပြတ်ကြားရတယ်။ စစ်တပ်က ပန်းတောကြီးရွာကနေ အထိုင် ချပစ်နေတာ ။ ခုညနေတော့ ပန်းတောကြီးရွာသားတွေကို ရှောင်ခိုင်းနေပြီ။ ပန်းတောကြီးအနား ရောက်လာပြီကြားတယ်”လို့ ပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် တဖက်မှာလည်း လေး မျက်နှာမြို့နယ်ထဲမှာ ဆက်သွယ်ရေး လိုင်းတွေလည်း နှေးနေပြီး ဒေသခံတွေကို ဆက်သွယ်ရ ခက် နေပါတယ်။ ပန်းတောကြီးကျေးရွာက အများစုက တော့ လေးမျက်နှာ နဲ့ အိုင်သပြုဘက်ကို စစ်ရှောင် ရောက်လာကြတယ်လို့ လေးမျက်နှာမြို့ပေါ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

“ ညနေကတော့ ဒီကို စစ်ကားသုံးစီး ဝင်လာတာတွေ့တယ်။ ပန်းတောကြီးမှာလည်း အင်အားများတယ်။ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်နေတယ်”လို့ ပြောပါတယ်။ သူ့ရဲ့ ပြောဆိုမှုအရ အိုင်သပြုဘက်ကိုလည်း အာရက္ခတပ်တော်က စစ်ကြောင်းထိုးနေတယ်လို့ ဆိုပေမယ့် အဲဒီအခြေအနေကိုတော့ DNA က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။

အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ကြားက ဒေသခံတွေကို ဆက်သွယ်မေးမြန်းလို့ရသမျှ ပန်းတောကြီးမှာ စစ်တပ်က တပ်စွဲထားပြီး ပန်းတော ကြီးနဲ့ မြို့ကုန်းရွာကြားက ဘုရားကုန်းမှာ လက်နက် ကြီး တပ်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စေတလုံး ဘုရားနဲ့ စက်စက်ယို လက်ပံ ပင်မှာလည်း စစ်တပ်က လက်နက်ကြီးတွေ အထိုင် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကနေ အနီးဝန်းကျင်ရွာတွေကို ပစ်ခတ်နေပြီး ဒီနေ့ နေ့လည်မှာ ဂျက်ဖိုက်တာနဲ့ပါ လာပစ်သွားတယ်လို့ လေးမျက်နှာမြို့နယ်အတွင်းက သတင်းရင်းမြစ်က DNA ကိုပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဟာ ဧပြီလဆန်းပိုင်းမှာအနည်းငယ် ငြိမ်သက်ခဲ့ပြီး သင်္ကြန်ရက်အတွင်းမှ အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ နှစ်ဆန်း၁ ရက်နေ့ ရရှိတဲ့ အချက်အလက်တွေ အရ လေးမျက်နှာမြို့နယ် ပန်းတောကြီးကနေ အင်္ဂပူမြို့နယ်အစပ် ဝါးတောကွင်းကျေးရွာဘက်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ၊ ထိတွေ့တိုက်ပွဲတွေ၊လေကြောင်းပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

#လေးမျက်နှာ #ပန်းတောကြီး #တိုက်ပွဲပြင်းထန် #ဧရာဝတီတိုင်း #DeltaNewsAgency #DNA