ဝန်းရံသူရောဂါအတွက် ဖြေဆေးက ဘယ်မှာလဲ

By – Delta News Agency သတင်းအဖွဲ့

၆ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

“ကျွန်တော်တို့ဆီမှာ သက်သေအထောက်အထားတွေ အကုန်စုထားတာ ရှိတယ်”လို့ ဟင်္သာတခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ် ။ သူ့စားပွဲပေါ်မှာ ဓါတ်ပုံလေးဆယ်ကျော် ငါးဆယ်ခန့် ဖြန့်ခင်းထားပါတယ်။ အဲဒီပုံတွေထဲကမှ ဓါတ်ပုံတစ်ပုံကို ကောက်ကိုင်လိုက်ရင်း “ဒီမှာကြည့် ၊ ဘယ်လိုမှ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့ မညီဘူး”လို့ပြောပါတယ် ။ နိုင်ငံရေးပါတီကြီး နှစ်ခုရဲ့ အကျီတွေဝတ်ဆင်ပြီး လမ်းပေါ်မှာ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ စီတန်းလှည့်လည် နေကြတဲ့ ပုံတွေကို သူက သက်သေအထောက်အထားအဖြစ် စုစည်းထားတာပါ။

နိုင်င်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ရက်နေ့က စတင်နိုင်တယ်လို့ တရားဝင်သတ်မှတ်ခဲ့ပေမယ့် ဟင်္သာခရိုင်အတွင်းက ပါတီတွေက စက်တင်ဘာလ ၁၁ရက်နေ့ကမှ စတင်မဲဆွယ်ကြတယ်လို့ ဆိုပါတယ်။ “NLD အနေနဲ့ပြောရင် အောင်နိုင်ရေး ဆိုင်းပုဒ်စထောင်ကတည်းက စည်းကမ်းနဲ့ မညီဘူး ၊ ပြည်ခိုင်ဖြိုးကလည်း ထိုနည်းလည်းကောင်းပဲ အောင်နိုင်ရေး ဆိုင်းပုဒ် စထောင်ကတည်းက စည်းကမ်းနဲ့ မညီဘူး”လို့ ဦးဝင်းမောင်က ပြောပါတယ်။

ဟင်္သာတခရိုင်အတွင်း လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉ခုက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီ ၅ခုသာ မဲဆွယ်စည်းရုံးခွင့် တင်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ စတဲ့ ပါတီငါးခုက မဲဆွယ်စည်းရုံးခွင့် တင်ခဲ့ပြီး ပြည်သူ့ပါတီ ၊ ကရင်ပြည်သူ့ပါတီ ၊ အမျိုးသားတိုးတက်ရေးပါတီ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေက မဲဆွယ်စည်းရုံးခွင့် တင်မထားကြပါဘူး။

စည်းရုံးခွင့်တင်မထားတဲ့ ပါတီတွေထဲက တစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ အမတ်လောင်း တစ်ဦး ဦးစိန်သောင်းက သူတို့ပါတီအနေနဲ့ ကိုဗစ်ကာလ ကန့်သတ်ချက်တွေ ရှိတဲ့အတွက် မဲဆန္ဒရှင်တွေဆီကို တစ်အိမ်တက်ဆင်း လိုက်လံတွေ့ဆုံသွားမှာ ဖြစ်ပြီး လူစုလူဝေးပုံစံနဲ့ မဲဆွယ်စည်းရုံးသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲတစ်ခု ကျင်းပတဲ့အခါမှာ နိုင်ငံရေး အခွင့်အရေးတွေ ညီတူမျှတူရဖို့ အရေးကြီးတယ်လို့ PEACE ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ စီမံကိန်းအစီအစဥ်မန်နေဂျာ ကိုဟန်စိုးထွန်းက မှတ်ချက်ပေးပါတယ်။

“တဖက်မှာလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို စောင့်ထိမ်းဖို့လိုသလို တဖက်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ မဲပုံးထောင်ယုံသက်သက် မဟုတ်ပဲ သူတို့ရဲ့ မူဝါဒတွေ ၊ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး ကတိကဝတ်တွေကို ပြည်သူတွေ သိအောင် ပြောခွင့်ရှိရမယ် ။ နိုင်ငံရေးပါတီတိုင်း တန်းတူယှဉ်ပြိုင်နိုင်ဖို့ကို အစိုးရအနေနဲ့ ကူညီဖို့ လိုတယ်”လို့ ကိုဟန်စိုးထွန်းက ပြောခဲ့တာပါ။

ဟင်္သာတခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲက စာရင်းတွေအရ မဲဆွယ်ခွင့် တင်ထားတဲ့ ပါတီတွေထဲမှာ ဒီချုပ်ပါတီက စည်းရုံးကာလ ၃၅ရက်မှာ နေရာ ၁၁၀ကို စည်းရုံးခွင့် အများဆုံး တင်ထားပါတယ်။ အဲဒီနောက်မှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဒုတိယ အများဆုံးအဖြစ် စည်းရုံးကာလ ၂၂ ရက်မှာ နေရာပေါင်း ၁၀၉ နေရာ စည်းရုံးခွင့်တင်ထားပါတယ်။ တတိယအများဆုံး အဖြစ် ပြည်ခိုင်ဖြိုးပါတီက ၁၈နေရာမှာ အကြိမ်ပေါင်း ၈၀ လုပ်မယ်လို့ စည်းရုံးခွင့် တင်ထားတာပါ။ အဲဒီနောက်မှာတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ နဲ့ တစည ပါတီတွေက အစဉ်လိုက် ရှိနေပါတယ်။

စည်းရုံးရေးလှုပ်ရှားရာမှာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့နဲ့ ငြိမ်းစုစီဥပဒေနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ ကော်မရှင်ဘက် ညွှန်ကြားထားပေမယ့် ပါတီတွေဘက်က မလိုက်နာကြဘူးလို့ ဟင်္သာတခရိုင်ကော်မရှင် ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ် ။ “ပါတီကြီး နှစ်ခုပေါ့ ။ သူတို့က ကျွန်တော်တို့ စည်းကမ်းချက်ထဲမှာ ပါတဲ့အတိုင်း ဖြစ်မလာဘူး။ ကျွန်တော်တို့ စည်းကမ်းချက်က လူငါးဆယ်ထက် မပိုရ ၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် အကွာအဝေး ရှိရမယ် ၊ ဒါပေမယ့် အဲဒီအတိုင်း ဖြစ်မလာဘူး” လို့ ဆိုပါတယ် ။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၀ခန့်သာလိုတော့တဲ့အချိန်မှာ ဧရာဝတီတိုင်းအတွင်း COVID-19 ရောဂါကူးစက်ခံရသူအရေအတွက် ၃၈၄ဦးအထိ ရှိလာနေပြီ ဖြစ်ပါတယ် ။ ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်မှာ ၂၄မြို့နယ်အထိ ရောဂါကူးစက်ခံနေရပြီး ငပုတောမြို့နယ်နဲ့ ရေကြည်မြို့နယ် နှစ်ခုသာ ကူးစက်ရောဂါ မတွေ့ရှိရသေးတာပါ ။

ဒါပေမယ့် နိုင်ငံရေးပါတီတွေရဲ့ ဝန်းရံသူဆိုသူတွေက ရာထောင်ချီစုဖွဲ့ကာ လမ်းမတွေပေါ်မှာ သီချင်းတွေ ဆူဆူညံညံဖွင့်ပြီး လှည့်လည်နေကြစဲ ဖြစ်ပါတယ်။
ဖေ့ဘွတ်လူမှုကွန်ရက်ပေါ်မှာလည်း ဧရာဝတီတိုင်းမှာသာမက ၊ နိုင်ငံအဝန်းက နိုင်ငံရေးပါတီဝန်းရံသူတွေရဲ့ အပြိုင်အဆိုင်အင်အားပြမှုတွေကို တွေ့နေရစဲပါ။

“ကျွန်တော်တို့ ပါတီရဲ့ တိုင်းအဆင့်အနေနဲ့လည်း မြို့နယ်တွေကို ညွှန်ကြားတယ်၊ အဲလိုတွေကို ပါတီအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရော မလုပ်ဖို့ ညွှန်ကြားတယ် ၊ ဝန်းရံတွေကိုလည်း ထိန်းသိမ်းပေးကြပါလို့ ညွှန်ကြားထားပါတယ်ဗျာ ၊ ဒါပေမယ့် ဘယ်ဝန်းရံကမှ ကျွန်တော်တို့ ပါတီရဲ့ စကားကို နားမထောင်ကြပါဘူးဗျ ၊အဲဒါကတော့ NLD လည်း အဲဒီအတိုင်း ဖြစ်မှာပဲ ၊ ကျွန်တော်တို့လည်း အဲဒီအတိုင်း ဖြစ်နေတယ်” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဝင်းကိုကိုက ပြောပါတယ် ။ အခုဖြစ်စဉ်တွေက အုပ်ချုပ်သူအစိုးရမှာသာ တာဝန်ရှိတဲ့အတွက် အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်ရလိမ့်မယ်လို့လည်း သူက မှတ်ချက် ပြုပါတယ် ။

ဧရာဝတီတိုင်း ဒီချုပ်ပါတီရဲ့ဥက္ကဌ ဒေါက်တာမျိုးညွန့်ကလည်း သူတို့အနေနဲ့ အခုလို ကိစ္စတွေကို တားဆီးနိုင်ဖို့ အစွမ်းကုန် လုပ်နေတယ်လို့ ဆိုပါတယ်။ “ဒီချုပ်ပါတီခေါင်းဆောင်တွေအနေနဲ့ မေတ္တာရပ်ခံတာတွေ ၊ ညွှန်ကြားချက်ထုတ်ပြန်ထားတာတွေ ရှိပေမယ့် အခုကိစ္စက ပါတီကို ဝန်းရံတဲ့ ပြည်သူတွေ ၊ တက်ကြွတဲ့ လူငယ်တွေက လုပ်ဆောင်နေတာလို့ ပြောပါတယ် ။ တချို့သူတွေက ဒီလို အင်အားပြလှည့်လည်ဖို့အတွက် ယာဉ်တွေ ငှားရမ်းတာတွေ ၊ ကြိုတင်ပြင်ဆင်တာတွေ ရှိပြီးသား ဖြစ်တဲ့အတွက် ပွဲမလုပ်အောင် တားဆီးရတာတော့ အင်မတန်ကို ခက်ပါတယ်” လို့ ဒေါက်တာမျိုးညွန့်က ပြောခဲ့တာပါ။

တိုင်းဒေသကြီးအဆင့် COVIDE-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ အမိန့်ညွှန်ကြားချက်တွေအရ တိုင်းအတွင်းမှာ လူ ၃၀ဦးထက်ပိုပြီး လူစုလူဝေး မလုပ်ရဘူးဆိုတဲ့ အမိန့်ကို အောက်တိုဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒါပေမယ့် လက်ရှိလမ်းမတွေပေါ်က ပါတီဝန်းရံသူတွေရဲ့ လူစုလူဝေးနဲ့ စီတန်းလှည့်လည်တာတွေက ရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တင်တာ တစ်ခုမှ မရှိဘူးလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ “မရှိပါဘူး၊ တခုမှ မရှိပါဘူး၊ မဲဆွယ်ကိစ္စကတော့ ကော်မရှင်ကပဲ ဆုံးဖြတ်ရမှာလေ”လို့ ဖြေကြားခဲ့တာပါ။

တဖက်မှာလည်း ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်က အခုကိစ္စတွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကပဲ လုပ်ဆောင်ပါလိမ့်မယ်လို့ ပြောပါတယ်။ “ပါတီက ဦးဆောင်တာမဟုတ်ပဲနဲ့ ပါတီကို ဝန်းရံသူများ ၊ ထောက်ခံသူများကလုပ်တာကိုတော့ အုပ်ချုပ်ရေးအဖွဲ့တွေက ဖြေရှင်းပါလို့ ကျွန်တော်တို့ ကော်မရှင်အဖွဲ့ခွဲတွေကို ပြောထားတယ်” လို့ တိုင်းကော်မရှင်ဥက္ကဌ ဦးမျိုးအောင်က ပြောခဲ့တာပါ ။

COVID -19 ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာမှာရော မြန်မာမှာပါ ကူးစက်နှုန်း မြင့်မားနေစဲပါ။ ဒါပေမယ့် တဖက်မှာလည်း ရွေးကောက်ပွဲကြိုကာလ နိုင်ငံရေးပါတီတွေရဲ့ ဝန်းရံသူတွေရဲ့ တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် အင်အားပြမှုတွေကနေတဆင့် ရောဂါကိုပျံ့ပွားလာမှာကိုလည်း စိုးရိမ်မှုတွေက မြင့်တက်လာနေပါတယ်။လက်ရှိအချိန်အထိတော့ ဒီအခြေအနေကို တာဝန်ယူ၊ တာဝန်ခံ တားဆီးမယ့် အဖွဲ့အစည်း မပေါ်ပေါက်လာသေးပါဘူး။

“မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ကော်မတီ ဥက္ကဌဖြစ်တဲ့အတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို မြို့နယ်မှာ ရှိတဲ့ ကော်မရှင်တွေကို ညွှန်ကြားရမယ်၊ လောလောဆယ် အဲလိုပဲ အစည်းအဝေးမှာ ပြောထားတာ ရှိတယ် ၊ မနက်ဖြန်(၇)ရက်နေ့မှာ တိုင်းကော်မရှင်ကို ငါတို့ တိုင်းကိုဗစ်ကော်မတီနဲ့ တွေ့ဖို့ ခေါ်ထားတယ် ။ အဲဒီမှာ တခါတည်းပြောရမှာပေါ့ ။ အဲဒီတော့မှ ကွဲကွဲပြားပြား သိရမယ်”လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။