ဧရာဝတီမှတ်ပုံတင် ၁၄/ ကိုင်ဆောင်သူတချို့ လေဆိပ်က ထွက်ခွာခွင့်မရ

 

ဧပြီ ၁၇

သင်္ကြန်အကြိုကာလ ရန်ကုန်ကနေ ဘန်ကောက် သွားမယ့် ဧရာဝတီတိုင်းက အမျိုးသမီးငယ် ၂ ဦးကို လေဆိပ်ဝန်ထမ်းတွေက ဧရာဝတီမှတ်ပုံတင် ၁၄/ ကိုင်ဆောင်ထားတဲ့ အတွက် ပြည်ပထွက်ခွာခွင့် မပေးလို့ အိမ်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

“X-Ray ဂိတ်ကိုလည်း ရောက်ရော စက်လှေကားရဲ့ အတက်ဂိတ်မှာတင်ပဲ စာရွက်စာတန်းတွေကိုအကုန် ကြည့်ပြီးတော့ ပြန်လွှတ်တယ်တဲ့ ၊ ဘာဖြစ်လို့လဲလို့ ကလေးတွေက မေးတော့ အသက်လည်း ငယ်လို့တဲ့ ပြီးတော့ ၁၄/ ဧရာဝတီသူတွေ မို့လို့တဲ့ ပေးမသွားတာလို့ ပြောတယ်”လို့ ပြည်ပထွက်ခွာခွင့် မရတဲ့ အမျိုးသမီးငယ် နှစ်ဦးရဲ့ အစ်မက DNA ကိုပြောပါတယ်။

သင်္ကြန်ကျောင်းပိတ်ရက်မှာ ဘန်ကောက်ကိုအလည်လာဖို့ သူမရဲ့ ညီမနှစ်ဦး ဖြစ်တဲ့ ဧရာဝတီ တိုင်းက အသက် ၂၃ နှစ်တဦး ၂၄ တဦးကို အသွား အပြန် လေယာဉ်လက်မှတ်အပြင် ၊ ဟိုတယ် Booking အစရှိတဲ့ လိုအပ်တာတွေကို အပြည့်အစုံ စီစဉ်ပေးခဲ့တယ်လို့ သူမက ရှင်းပြပါတယ်။

သင်္ကြန်မတိုင်ခင်ကမှ ဘန်ကောက်က ပြန်လာတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ခံ တဦးကို ရန်ကုန်လေဆိပ် အခြေအနေကို မေးကြည့်ရာမှာတော့ ၁၄/မှတ်ပုံတင် ကိုင်ဆောင်ထားပေမယ့် ပြသနာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။ အသက်အရွယ်ပေါ်မှာလည်း မူ တည်ပြီး အသက်ကြီးတဲ့သူတွေမို့လို့ အဆင်ပြေခဲ့ပေမယ့် အသက်ငယ်သူတွေကိုတော့ အခုလို ပြန်လွှတ်တာမျိုး ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဘန်ကောက်မြို့ကို ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်းသူ တဦးကို DNA က ဆက်သွယ်မေးမြန်းရာမှာ “ဟုတ်တယ် အရစ်ခံရတယ် ။ ၁၄/ မို့လို့ဆိုပြီး အရင်ရစ်တယ်၊ ပြီးတော့ တယောက်တည်းမို့လို့ သွားလို့မရဘူးဆိုပြီး ရစ်တော့ နောက်တော့မှ အဆင်ပြေအောင် လုပ် ပေးမယ်ဆိုပြီး ကြည့်ပေးခဲ့ဆိုလို့ ၃ သောင်းပေးတာ မရဘူး ၊ အဲဒီဂိတ်မှာတင် ၅ သောင်းပေးခဲ့ရတယ် ၊ အထောက်အထား အပြည့်အစုံပါတာတောင် လေ ဆိပ်တခုလုံး ဖြတ်အပြီးမှာ ၂ သိန်းကျော်ပေးခဲ့ရတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို အတည်ပြုကြေညာအပြီး ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်ကာ တကြိမ်ကို လူ ၅၀၀၀ နှုန်းနဲ့ လစဉ် စုဆောင်းသွားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို တရားဝင်ရော တရားမဝင် နည်းနဲ့ပါ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

စစ်မှုထမ်း ဥပဒေအရ အမျိုးသားများဆိုရင်အသက် ၁၈ ကနေ ၃၅ နှစ်အထိ ၊အမျိုးသမီးများဆိုရင် အသက် ၁၈ ကနေ ၂၇ နှစ်အထိ အကျုံးဝင် နေပြီး ပညာရှင် အမျိုးသားတွေအတွက် အသက် ၄၅ နှစ်အထိ ပညာရှင် အမျိုးသမီးတွေ အတွက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စစ်မှုထမ်း ဥပဒေ အတည်ပြုပြီးနောက်ပိုင်းမှာ လေ ဆိပ်မှာ တာဝန်ကျ ဝန်ထမ်းတွေဟာ ပြည်ပနိုင်ငံ တရားဝင် ထွက်ခွာမယ့် လူငယ်တွေကို ထွက်ခွာခွင့် မပြုတာ ၊ အကြောင်းအမျိုးမျိုးပြ ငွေညစ်တာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

“လေဆိပ် အထဲက Immigrationထက် ရဲကလုပ်စား နေတာ အဲဒီ လေဆိပ်ရဲ့ အပေါ်မှာ အပေါက်ဝမှာ ရှိတဲ့ ရဲက လုပ်စားနေတာ ၊ Immigration ရော ရဲရော မဖြတ်ရတဲ့ VIP ပေါက်ဈေးက သိန်း ၅၀ ထိ ပေါက် ဈေးရှိတယ်”လို့ ထိုင်းနဲ့ ရန်ကုန်ကို မကြာခဏ ခရီးအသွားအလာရှိတဲ့ ဧရာဝတီတိုင်းသူ တဦးက ပြော
ပါတယ်။

#မှတ်ပုံတင် #ထွက်ခွါခွင့် #ဧရာဝတီတိုင်း #DeltaNewsAgency #DNA