ဧပြီ ၁၇
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီဘက် က မဟာသင်္ကြန် အတက်နေ့ ညနေပိုင်းကစပြီး ဒီနေ့မနက် နှစ်ဆန်းတရက်နေ့အထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်နေတယ်လို့ သိရပါတယ်။
“ညကတည်းက အနှံ့ပစ်နေတာ ၊မြို့ကုန်းကလည်း ပစ်တယ်။ အခု စစ်တပ်က ပိန္နဲကွင်း ကပျိုတောင်မှာ တပ်စွဲနေပြီ။ အဲဒီကလည်းပစ်တယ်”လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ်။ ပုသိမ်-မုံရွာ ကားလမ်းမကြီး အနီး အင်္ဂပူနဲ့ လေးမျက်နှာ မြို့နယ် အ စပ်မှာ ရှိတဲ့ရွာတွေကို စစ်ကောင်စီက ကားလမ်း အ ရှေ့ခြမ်းမှာ အထိုင်ထားပြီး လက်နက်ကြီးနဲ့ ပစ်နေတာ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာ ကားလမ်း အနောက် ခြမ်းနဲ့ ရခိုင်ရိုးမကြားမှာ ရှိတဲ့ ရွာတွေကို အာရက္ခတပ်တော်နဲ့ တော်လှမ်းရေးအဖွဲ့တွေက ထိန်းချုပ် ထားတယ်လို့လည်း ဝါးတောကွင်းဒေသခံ တဦးက ပြောပါတယ်။
“အေအေက ဗိုလ်ဆင်းလာပြီး ရွာသားတွေနဲ့ ဆွေး နွေးပွဲ လုပ်တယ်။ — ရက်နေ့ မတိုင်ခင် တော ၁၇ ရွာ ဘေးလွတ်ရာ ရှောင်ပေးကြဖို့ ပြောသွားတယ်၊ အခု ဝါးတောကွင်းက လူတွေကတော့ အကုန် ရှောင်ကုန်ကြပြီ”လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်တွင်း ကာလမှာ ရေကြည် ၊ လေးမျက်နှာ ၊ အင်္ဂပူမြို့နယ်အတွင်း ရခိုင်ရိုးမတောင်ခြေက ရွာတွေကို လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေခဲ့တယ်လို့ သိရပါတယ်။
“အသေးသံတော့ မကြားရဘူး မနေ့က စပြီး ချင်းလက်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားရပြီ”လို့ လေးမျက်နှာ ဒေသခံတဦးကလည်း DNA ကိုပြောပါတယ်။
ဒါ့အပြင် ဧရာဝတီ PDF တပ်ရင်း တခုဖြစ်တဲ့ အမှတ် (၂၉) ဗျူဟာကလည်း အင်္ဂပူ၊ရေကြည်၊လေးမျက်နှာ မြို့နယ်က ဒေသခံတွေ အနေနဲ့ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ စစ်ကောင်စီဘက်က အများပြည်သူ သွားလာနေတဲ့ ကားတွေကို ဖမ်းဆီးတာ ၊ ပေါ်တာဆွဲ၊ငွေညစ်တာ ၊ ဖမ်းဆီးထားတဲ့ ယဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီဘက်က တပ်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နေတဲ့အတွက် အထူးသတိပြု သွားလာကြဖို့ ဧပြီ ၁၅ ရက်နေ့က စာထုတ်ထားပါတယ်။
ပုံစာ-လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သော လေးမျက်နှာမြို့နယ်အတွင်းက အိမ်တလုံးအားတွေ့ရစဉ်