ဧပြီ ၁၅
ဧရာဝတီမြစ်ဝကျွန်းပေါ်က တောင်သူလယ်သမားတွေ အနေနဲ့ စပါးဈေး၊ ပဲဈေးကျတာ၊ အဝယ်မရှိတာ၊ ထုတ်လုပ်မှု ကုန်ကျစားရိတ် ကုန်ကြမ်းတွေ ဈေးကြီးမြင့်တာ တွေအပြင် ရာသီဥတုကြောင့် ပျက်စီးရတာတွေလည်း ရှိနေသလို ပုံစံ (၇) ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိနေပြန်တာကြောင့် အဘက် ဘက်က စိုးရိမ်ကြောင့်ကြမှုတွေကို ကြုံတွေ့နေရတယ်လို့ DNA ကိုပြောပါတယ်။
“ ကျွန်တော်တို့က ရတဲ့ဈေးနဲ့ရောင်းမယ်ပေါ့။ ဝယ်သူမရှိ။ ဝယ်သူမရှိလို့ မစိုက်ဘူးပေါ့။ မစိုက်ရင် လယ်သိမ်းမယ်တဲ့ ဥပဒေမှာက ရှိနေတယ်။ ဒါဆို ချေးငွေထုတ်ပေးဆိုတော့ အရင်ချေးထားတာတွေ ဆပ်တဲ့။ အရင်ချေးထားတာတွေဆပ်ဖို့ စပါးက ဝယ်သူမရှိဘူး ” လို့ ဟင်္သာတခရိုင်အတွင်းက ကျေး ရွာတခုမှာနေထိုင်တဲ့ ဦးဌေးဝင်းက ဆိုပါတယ်။
အရင်က စိုက်ပျိုးစရိတ် ချေးငွေတွေနဲ့ တောင့်ခံ လည်ပတ်နိုင်ပေမယ့် ဒီနှစ်မှာတော့ စစ်ကောင်စီ ဘက်က ဖိအားပေး တောင်းဆိုမှုတွေ ရှိနေတဲ့ အ ခြေအနေမှာတောင်မှ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြန်မဆပ်နိုင်သေးတဲ့သူတွေ အများကြီးရှိနေသေးတယ်လို့ သိရပါတယ်။
တကယ်လို့ မိုးစပါးစိုက်ဖို့ ငွေကြေး မလည်ပတ်တဲ့အတွက် မစိုက်ပဲထားလိုက်ရင်(လယ်လှပ်ခြင်း) လယ်ယာမြေ ဥပဒေပါ ပုံစံ (၇) အရ အရေးယူ ခံရနိုင်ပြီး လယ်မြေသိမ်းခံရတဲ့အထိ အကျိုးသက် ရောက်နိုင်ပါသေးတယ်။
“ ကြည့်လိုက်ရင်တော့ ဧရာဝတီတိုင်းကြီးက အေး ချမ်းနေတယ်ပေါ့။ ဖွဲမီးဗျ။ တငွေ့ငွေ့လောင်နေတာ။ အော်လို့လည်းမရဘူး။ ဒီကြားထဲ ကံဆိုးမတွေဆိုတော့ မိုးကလိုက်ရွာသေးတယ် ” လို့ လပွတ္တာမြို့ နယ်မှာ နေထိုင်တဲ့ ဦးတိုး က ဆိုပါတယ်။
အစိုးရ(စစ်ကောင်စီ)နဲ့ တောင်သူလယ်သမားအရေ ဆောင်ရွက်သူတွေ အနေနဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖွေပေးကြဖို့ သက်ဆိုင်ရာ မြို့ နယ်လယ်သမားတွေ စုဖွဲ့တောင်းဆိုတင်ပြခဲ့တာမျိုး ရှိနေတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့မှာက စစ်ကလည်း တဖြေးဖြေးနီးလာပြီ။ ဒီစပါးတွေ ပဲတွေနဲ့ ဘာလုပ်ရမယ်မှန်းလည်း မသိဘူး။ ပစ္စုပ္ပန် တည့်တည့်ကြည့်ဆိုလို့ ကြည့်တော့လည်း ဒုက္ခတွေချည်းပဲဗျို့ ” လို့ ဦးဌေးဝင်းက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ နွေစပါး (ဆောင်းစပါး) တွေနဲ့ ပဲတွေ ရိတ်သိမ်းခြွေလှေ့တာတွေ လုပ်ဆောင် နေကြပြီဆိုပေမယ့် ပေါက်ဈေးက အဆမတန်ကျဆင်းနေတဲ့အပြင် ဝယ်သူတွေပါ ရှားပါးနေတဲ့ အ ခြေအနေဖြစ်နေတာပါ။
စပါးဈေးကွက်အရ ပြီးခဲ့တဲ့နှစ်အထိ တောင်သူတွေ အစိုက်များကြတဲ့ စပါးအများစုဟာ တင်း ၁၀၀ ကို ငွေကျပ် သိန်း ၂၀ ဝန်းကျင်ဈေးရကြတယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ အရင်က သိန်း ၂၀ ဝန်းကျင် ဈေးရခဲ့တဲ့ စပါးတွေဟာ ၁၃ သိန်းဝန်းကျင် ဈေးအထိ ထိုးကျသွားတာ ဖြစ်ပါတယ်။
နွေစပါးမစိုက်ပဲ မတ်ပဲစိုက်ကြတဲ့ တောင်သူတွေမှာလည်း မနှစ်က ၁ တင်းကို ၁ သိန်း ၂ သောင်း ဝန်း ကျင်ရရှိရာကနေ ယခုနှစ်မှာတော့ ၉ သောင်းဝန်း ကျင်သာ ဈေးရရှိကြပါတယ်။ဒါပေမယ် ဒီနှစ် ဧပြီ လဆန်းပိုင်း ကနေ စပြီး သင်္ကြန်ကြိုကာလ အထိ မတ်ပဲဒိုင်ဖွင့်ဈေး အနည်းငယ် တက်ရိပ်ပြနေပေမယ့် မနှစ်က ပေါက်ဈေးကို မီနိုင်လောက်တဲ့ အခြေ အနေ မမြင်ရသေးဘူးလို့ ခန့်မှန်းကြပါတယ်။
စပါးဈေး ၊ ပဲဈေး ဈေးကောင်းမရလို့ အခက်တွေ့နေရပေမယ့် ဆန်ကိုတော့ ဈေးကြီးပေးပြီး ပြန်ဝယ်စားနေကြရတာမျိုးလည်း ကြုံတွေနေရပါတယ်။ ဒါ့အပြင် ဒီနှစ် သင်္ကြန်အကြိုကာလမှာ ရွာ သွန်းခဲ့တဲ့ အချိန်အခါမဟုတ် မိုးကြောင့်လည်း မိုးစပါး ရိတ်အပြီး သီးထပ်စပါး စိုက်ကြတဲ့ ဒေသတွေမှာ လယ်တွေ ရေဝင်ပျက်ဆီးမယ့် အခြေအနေကိုပါ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။