ဟင်္သာတက အုပ်ကြီး အသတ်ခံရတဲ့အမှု မိသားစုသုံးယောက်လုံး အဖမ်းခံရ

 

ဧပြီ ၁၄

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့၊ ဒူးယားတိုက်နယ်ထဲက သနွံသနော့အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူကို ဓါးနဲ့ခုတ်သတ်ခဲ့တဲ့အတွက် သား ကိုကျော်ဇင်ဦး အပြင် ဖခင်ဖြစ်သူ ဦးအသေး နဲ့ မိခင်ဖြစ်သူ ဒေါ်ကုလားမတို့ကိုလည်း ရဲကဖမ်းထားလိုက်ပြီလို့ သိရပါတယ်။

“ကောင်လေးက ထွက်ပြေးတော့ တခြားရွာမှာ အရင်မိတာ ၊ မိတဲ့နေရာကနေ အိမ်ကို ပြန်ဖမ်းခေါ်လာပြီး စစ်ဆေးမေးမြန်းတယ် ၊ အဲဒီအိမ်မှာပဲ ခြေသ လုံးပေါ် ဒုတ်နဲ့ တက်ကြိတ်တာ၊ အော်တာမှ တရွာလုံး ကြားရတယ်။အဲဒီကနေ ဖမ်းသွားပြီးမှ အဖေနဲ့အမေကပါ ရဲစခန်းကိုသွား အဖမ်းခံတာ ၊ သူတို့လည်း သတ်ခဲ့တယ်ဆိုပြီး ဝန်ခံလိုက်ကြတယ်လို့ ကြားတယ်”လို့ သနွံသနော့ အပိုင်ကျေးရွာအုပ်စုထဲက ဒေသခံတဦးက DNA ကို ရှင်းပြပါတယ်။

ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး စစ်သင်တန်းတက်ဖို့ အိမ်အထိ လာခေါ်တဲ့ သနွံသနော့အုပ်ချုပ်ရေးမှူးကို မကျည်းကုန်းရွာသား ကိုကျော်ဇင်ဦးက ဓါးနဲ့ခုတ်တဲ့အတွက် သေဆုံးသွားခဲ့တာပါ။

သနွံသနော့ကျေးရွာဟာ ကျေးရွာအုပ်စုကြီး ဖြစ်ပြီး မကျည်းကုန်းရွာကတော့ အိမ်ခြေ ၁၅ လုံးခန့်သာ ရှိတဲ့ သနွံသနော့ကျေးရွာအုပ်စုထဲက ရွာငယ်တခု ဖြစ်ပါတယ် ။ အများစုက ကြုံရာကျပန်း လုပ်ကိုင် စားသောက်ကြရပြီး ကိုကျော်ဇင်ဦးတို့ မိသားစုက အကြော်ရောင်း ၊ နတ်မော်ချောင်းထဲ ငါးရှာ ဖားရှာ ၊ ကြုံရာကြပန်း လုပ်ကိုင်စားသောက်ကြရတယ်လို့ သိရပါတယ်။

ဟင်္သာတနယ်မှာ အစိမ်းရွာ(ကြံ့ခိုင်ရေးပါတီ အား ပေးထောက်ခံသူ)လို့ လူသိများတဲ့ သနွံသနော့ကျေး ရွာ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီရဲ့ လျှာထား စစ်မှုထမ်းစာရင်းအတွက် အိမ်ခြေနည်းပြီး ကျပန်းလုပ်ကိုင်သူများတဲ့ ကျေးရွာတွေက လူငယ်တွေကို ပိုက်ဆံပေး စည်းရုံးပြီး စစ်ထဲ ထဲ့နေတဲ့အတွက် ဒေ သခံတွေက မကျေနပ်ကြဘူးလို့ သနွံသနော့နဲ့ ချောင်းတဖက်မှာ နေသူ တဦးက DNA ကို ပြောပါတယ်။

“သနွံသနော့က ရွာကြီးလေ၊သူဌေးပေါတယ်။ လုပ် ငန်းရှင်တွေ တိုက်တွေကားတွေနဲ့ အရောင်းအဝယ် သမားများတယ်။ ဘယ်လိုပြောရမလဲ မျက်နှာလိုက် တာပေါ့ ။ သူဌေးတွေကို မထိခိုက်ဘူး ။ ကျပန်းလုပ် ကိုင်စားရတဲ့သူတွေက ဓါးစာခံ ဖြစ်နေတယ်”လို့ ဆိုပါတယ်။

အခု အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးကြောင့် ကျေးရွာအုပ်စုထဲမှာ ထွက်ပြေးတိမ်းရှောင်ရသူတွေ ၊ ဒုက္ခရောက်သူတွေ အများကြီး ရှိတယ်လို့လည်း သိရပါတယ်။ ဥပမာ အနေနဲ့ ဦးမောင်ဖြူ မတိုင်ခင် က ဒီချုပ်အစိုးရလက်ထက် ခန့်ထားခဲ့တဲ့ အုပ်ချုပ် ရေးမှူးကို ခြံထဲမှာ ကီးပက်ဖုန်းနဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေ ရှိတယ်ဆိုပြီး ရဲကို တိုင်ခဲ့တဲ့အတွက် ရွာကနေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မှာတော့ ဦးမောင်ဖြူက သနွံသနော့ကျေးရွာ အုပ် ချုပ်ရေးမှူး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သနွံသနော့ ကျေးရွာအုပ်စုထဲက ဒေါ်မိဝဲရဲ့ သားကိုလည်း စစ်မှုထမ်းအဖြစ် ထဲ့ပေးလိုက်ပြီး တလဝန်းကျင်ခန့် အကြာမှာ ရခိုင်ဘက်မှာ တိုက်ပွဲကျသွားတယ်လို့ သိရပါတယ် ။ အဲဒီအတွက် ဒေါ်မိဝဲကို ထောက်ပံ့ငွေ ၃ သောင်းပဲ ပေးခဲ့တယ်လို့ ဒေ သခံ တဦးက ပြောပါတယ် ။ ဒါပေမယ့် ဒီကိစ္စကို DNA က အတည်ပြုနိုင်ဖို့ ကာယကံရှင်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မီ အဆက်အသွယ် မရခဲ့ပါဘူး ။

အသတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးက အခင်းဖြစ် တဲ့ရက် မတိုင်မီ ကတည်းက ကိုကျော်ဇင်ဦး အမေရောင်းတဲ့ အကြော်ဆိုင်ရှေ့က ဆိုင်ကယ် ဖြတ်မောင်း သွားတိုင်း ကိုကျော်ဇင်ဦးဟာ စစ်မှုထမ်းစာ ရင်းမှာ ပါတဲ့အတွက် ခရီးသွားလို့ မရဘူးလို့ မကြာခန ပြောတတ်တယ်လို့ သိရပါတယ်။ “စစ်ထဲလိုက် ရမယ် ပြင်ဆင်ထား အဲလိုအမြဲ ပြောတယ်။ သူတို့လည်း စိတ်ဆင်းရဲနေကြတာ”လို့ မိသားစုနဲ့ နီးစပ် သူတဦးက ရှင်းပြပါတယ်။

ဧပြီလ ၁၁ ရက်နေ့ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ အ သတ်ခံရမယ့် မနက်မှာ မကျည်းကုန်းရွာ နဲ့ ချောင်းတဖက်က ရွာမှာ အလှူအိမ် နှစ်ခု တပြိုင်နက်ရှိတဲ့အတွက် အသံချဲ့စက် သံပြိုင်ဖွင့်ပြီး အတော်ဆူညံနေခဲ့တယ်လို့ အဲဒီမနက်က အခြေအနေကို အဆိုပါ မိသားစုနဲ့ နီးစပ်သူက ရှင်းပြပါတယ်။

“ကျော်ဇင်ဦးက အရင် အိမ်ထဲဝင်ဖို့ ခေါ်တာ ၊ အိမ် ထဲရောက်တော့ ဗိုက်ကို အရင်စထိုးတာ အသံချဲ့ စက်သံက ဆူနေတော့ အော်သံကို သိပ်မကြားလိုက် ကြဘူး၊လက်အုပ်ချီလျှက်လေး လဲကျသွားတာ”လို့ အဲ့နေ့က အခြေအနေကို ပြန်ပြောပြပါတယ်။

အဲ့ဒီနောက် ကိုကျော်ဇင်ဦးက ကမ်းနားကို ဆင်းသွားပြီး ချောင်းထဲမှာ ရင်းဝိုင်းပြီး ငါးဖမ်းနေတဲ့ည သူ့အဖေနဲ့ အမေကို “အမေရေ ကိစ္စတော့ ပြီးပြီလို့ လှမ်းအော်ခေါ်ခဲ့တယ်လို့” ဆိုပါတယ်။ အဲဒီနောက် မှာ လင်မယားနှစ်ယောက်က အိမ်ပေါ်တက်သွားကြပြီး ကိုကျော်ဇင်ဦးရဲ့ အမေဖြစ်သူ ဒေါ်ကုလားမက လဲကျနေတဲ့ ဦးမောင်ဖြူကို ခေါင်းကို ဖြတ်ကာ “ဒီမှာကြည့်ထားဆိုပြီး” ဦးခေါင်းကို အိမ်ရှေ့လမ်းဆီ လွှတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

DNA အနေနဲ့ သနွံသနော့ကျေးရွာအုပ်စုထဲက ရွာ သားအချို့ကို ဆက်သွယ် မေးမြန်းခဲ့ပြီး အမှုဖြစ်စဉ် နဲ့ မြင်ကွင်းကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ဟင်္သာတမြို့မ စခန်းနဲ့ ဒူးယားတိုက် နယ်က ရဲတွေ ရောက်လာခဲ့ချိန်မှာ ကိုကျော်ဇင်ဦးက ထွက်ပြေးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဦးမောင်ဖြူရဲ့ အ လောင်းကို ဟင်္သာတဆေးရုံကို သယ်သွားခဲ့ပြီး မှု ခင်းဆေးစစ်ချက် ယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိပ်စိပ် အပိုင်းပိုင်း ဖြစ်နေပြီး ရွာပြန်သယ် သဂြိုလ်ဖို့ အဆင်မပြေနိုင်လောက်တဲ့ အတွက် ဟင်္သာတမြို့မှာပဲ သဂြိုလ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညီမက သေတဲ့သူအတွက် ဝမ်းသာပေမယ့် ၊ အဖမ်းခံလိုက်ရတဲ့ သူအတွက် စိတ်မကောင်းဘူး ၊ သူကို ပြန်ဖမ်းခေါ်လာပြီး အိမ်မှာတင် နှိပ်စက်ကြတဲ့ အသံတွေကြားရတော့ အတော်သနားမိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးကို သတ်ခဲ့တဲ့ ကိုကျော်ဇင်ဦးက ဘယ်လို လူမျိုးလဲလို့ မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။

“သူက စိတ်ဆတ်တယ် ၊ စကားပြောတော့ ချိုတယ် ၊ စိတ်ကောင်းရှိတယ် ။ လူတိုင်းနဲ့ အဆင်ပြေအောင် ပြောတတ်တယ်။ အသားညိုတယ်။ လူကောင်မကြီးဘူး ၊ သူစကားပြောရင်း သားက မောင်လေးက အဲ့လို ပြောတတ်တယ်”လို့ ဆိုပါတယ်။

DNA အနေနဲ့ အခုအမှုနဲ့ ပါတ်သက်ပြီး ဟင်္သာတမြို့မ ရဲစခန်းက စခန်းမှူးကို ဆက်သွယ် မေးမြန်းထားပေမယ့် ပြန်လည် အကြောင်းပြန်တာ မရှိသေး ပါဘူး ။