ဧရာဝတီ အတွက် စိုက်ဆင်းလေပြင်း အန္တရာယ်

ဧပြီ ၉

ဧရာဝတီ မြစ်ဝကျွန်းပေါ်ရဲ့ အနောက်ဘက် ကမ်း ရိုးတန်းဒေသတွေမှာ စိုက်ဆင်းလေပြင်းတွေ တိုက် ခိုက်လာနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က DNA ကိုပြောပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ထုတ်ပြန်ထားတဲ့ လေဖိအားနည်းရပ်ဝန်းရွေ့လျားမှု အချက်အလက် တွေကို ကိုးကားပြီး သုံးသပ်ထားချက်တွေကို ပြောပြရာမှာ ဒီအချက်ကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေမှုအရ စိုက်ဆင်းလေပြင်း အပါ အဝင် မိုးရွာသွန်းမှုတွေလည်း ရှိလာနိုင်ပြီး မရိတ် သိမ်းရသေးတဲ့ နွေစပါးခင်းတွေ ပျက်ဆီးနိုင်ပါတယ်။ မိုးဦးကျ စောနိုင်တာကြောင့် ဆားလုပ်ငန်းတွေ နေလှန်းချိန် နည်းသွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။

“ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချေအဆင့်တော့ မ ဟုတ်တော့ပါဘူး။ အခုအခြေအနေအရ လေပြင်းတိုက်မှုက ရခိုင်အနောက်ဘက် ကမ်းရိုးတန်းကနေ ဧရာဝတီ အနောက်ဘက် တောင်တွေနိမ့်ဆင်းသွားတဲ့ နေရာတွေမှာ စိုက်ဆင်းလေပြင်းတွေ ဖြစ်ပါတယ်ဗျ ” လို့ ရှင်းပြပါတယ်။

စိုက်ဆင်း လေပြင်းဆိုတာ ပူပြင်းခြောက်သွေ့နေချိန်မှာ ရုတ်တရက် မိုးတိမ်တောင်တွေ ဖြစ်လာပြီး လေပြင်းပြင်းထန်ထန် တိုက်ခတ်ကာ မိုးစက်တွေပါဝင်လာတာမျိုး ဖြစ်ပါတယ်။ အချိန်တိုတောင်းပေမဲ့ ပြင်းထန်တဲ့ လေပြင်းတွေကြောင့် အပျက်စီးများတတ်တဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။

စိုက်ဆင်းလေပြင်းတွေကို လေနီကြမ်းလို့လည်း ခေါ်ကြလေ့ရှိပြီး တိုက်ခတ်တဲ့ ပြင်းအားပေါ် မူ တည်ပြီး သက်ရောက်မှု ကွာသွားနိုင်သလို မိုးသီးကြွေတာ၊ မိုးကြိုးတွေပစ် မိုးတွေ ချုန်းတဲ့ ဖြစ်စဉ် တွေပါ တွဲပါလေ့ ရှိပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယာပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း တွေမှာ နေရာကွက် ကြားကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး လေ ပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။