ဧပြီ၊ ၆
ငလျင်ဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသတွေဆီ သွား ရောက် ကူညီနေကြတဲ့ ဧရာဝတီတိုင်းထဲက လူမှုကူ ညီရေးအဖွဲ့တွေလည်း စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီကနေ သိရပါတယ်။
ဧရာဝတီကနေ မန္တလေးတိုင်းထဲက ငလျင်ဘေးသင့်ဒေသတွေမှာ သွားရောက်ကူညီပေးနေတဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးကတော့ စစ်ကောင်စီဘက်ကနေ ညမထွက်ရအမိန့်ကို အကြောင်းပြုပြီး ည ၁၀ နာရီနောက်ပိုင်း အသွားအလာကန့်သတ်နေတယ်လို့ ပြောပါတယ်။
“တချို့နေရာတွေဆို (ည)၈ နာရီဆိုရင်ကို မထွက်ရတော့ပါဘူး။ စစ်ဆေးရေးကလည်း အရင်က
တည်းက ကြပ်ပါတယ်၊ လူငယ်တွေများတော့ ပိုဆိုးတယ်၊ ပြောင်းလဲမှုကတော့ အရင်က ကြိုကြိုကြား ကြားတွေပါ သွားလို့ရတယ်၊ အခုက အဲလိုသွားလို့မရဘူး” လို့ သူက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်အပြီးမှာ ငလျင်ဘေးသင့် ဒေသတွေဆီ သွားရောက်ကူညီပေးမယ့် နိုင်ငံအနှံ့က ပရဟိတအဖွဲ့တချို့ကို အစပိုင်းကတည်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဖြတ်သန်းခွင့်မပေးတာမျိုးရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ဆေးမူတင်းကြပ်တာ၊ ခွင့်ပြုချက်မရဘဲ ကူညီခွင့်မပေးတာမျိုးတွေအထိ ရှိလာနေတာပါ။
“လူနည်းတဲ့နေရာဘက်ကို ဝင်သွားရင် ဘယ်သူ့ခွင့် ပြုချက်ပါလဲ ဘာညာ အဲလိုစစ်တာတွေရှိတယ်၊ ပိုတင်းကြပ်လာလားဆိုတာတော့ ပြောရခက်တာပေါ့နော်၊ ကျွန်တော်တို့ စထွက်လာကတည်းက လွယ်လွယ်ကူကူ မဟုတ်ဘူးလေနော်” လို့လည်း အထက် ပါ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တော့ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်မယ့် ဘယ်အဖွဲ့အစည်းမဆို သီးခြားရပ်တည်ဆောင်ရွက် ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့ အစည်းတွေ ဖြစ်ဖို့လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးမယ့် မူဝါဒတရပ် ချမှတ်ဖို့ လိုအပ်တယ်လို့ မနေ့ကပြု လုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတော့ ငလျင်ဘေး ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီထောက်ပံ့ရေးယာဥ်တန်းကို နောင်ချိုမြို့အနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ် ခဲ့ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကား ၉ စီးခန့်ပါ အဲဒီယာဥ်တန်းကို ရပ်တန့်ခိုင်းရာ မရပ်လို့ မိုးပေါ်ထောင်ပြီး သေနတ်သုံးချက် ပစ်ဖောက်သတိပေးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
အလားတူပဲ မြန်မာနိုင်ငံလာပြီး ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ ဝန်ထမ်းတဦးကလည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ကန့်သတ်မှုတွေကို မခံနိုင်တော့လို့ဆိုကာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် နေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
“အရင်က ကယ်ဆယ်ရေးလုပ်ရင်သာ ခွင့်ပြုချက် လိုတာ၊ အခုက ပစ္စည်းတွေလှူရင်တောင် ခွင့်ပြုချက်ရှိမှရတယ်၊ အရင်က ဘာပစ္စည်းတင်တင် စစ် ဆေးကန့်သတ်တာမျိုးမရှိဘူး၊ အခုက အဲလိုမရတော့ဘူး၊ အမြန်လမ်းမှာ စစ်တာကလည်း အစကဆို အခုလောက်ထိမဆိုးဘူး” လို့လည်း ငလျင်ဘေး ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ကူညီအားဖြည့်ပေးနေတဲ့ ဧရာဝတီဒေသခံ လူငယ်တဦးက DNA ကို ပြောပါတယ်။
ငလျင်ဘေးသင့် ဒေသတွေဆီ ကူညီကယ်ဆယ်ရေးသွားမယ့်အဖွဲ့တွေအတွက် အဓိက အရေးပါတဲ့ ရန်ကုန်-မန္တလေး လမ်းမကြီးကို စစ်ကောင်စီဟာ အရင်ကတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းခွင့်ပိတ်ပင်ထားပြီး လက်ရှိမှာတော့ အဲဒီကန့်သတ်ချက်ကို ဖြေလျှော့ထားတယ်လို့ ပြောတာတွေရှိသလို ဆက်လက်ကန့်သတ်ထားတယ်လို့ ပြောနေကြတာတွေလည်း ရှိပါတယ်။
“ကျနော်တို့ နေပြည်တော်ကနေ ညနေ ၅ နာရီလောက်ထွက်လာတာ၊ ၁၁၅ မိုင်မှာ ညအိပ်လိုက်တယ်၊ ကျနော်တို့ကို လာပြောတာက အမြန်လမ်းမှာ ညဘက်လည်းသွားလို့ရနေပြီတဲ့၊ ကျနော်တို့ရန်ကုန်
အထိ ညတွင်းချင်းသွားမယ်ဆို သွားလို့ရတယ်၊ ဒါပေမယ့် safe မဖြစ်လို့ မနက်မှပဲ ထွက်လာလိုက်တာ” လို့ နေပြည်တော်က ငလျင်ဘေးသင့်ဒေသတွေဆီ သွားရောက်ကူညီခဲ့တဲဲ့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရတော့ လက်ရှိအချိန်ထိ ငလျင်ဘေးကြောင့် သေဆုံးသူ လေးထောင်နီးပါနဲ့ ဒဏ်ရာရရှိသူ ငါးထောင်နီး
ပါး ရှိနေပြီဖြစ်ပြီး အရေးပေါ် အကူအညီတော့လို အပ်နေတဲ့ ငလျင်ဘေးသင့် ပြည်သူတွေကတော့ သန်းချီရှိနိုင်နေတာပါ။