ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

ဖေဖော်ဝါရီလ၊ ၁၃ရက်။

(FactCheck) DNA+ Shan News + The Red Flag 

 

စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

 

အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပျံ့နှံ့နေတဲ့ထုတ်ပြန်ချက်ကအတုဖြစ်နေတာကိုတွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက် ☑️

 

ပျံ့နှံ့လာတဲ့သတင်းကို စီစစ်ကြည့်တဲ့အခါမှာ စစ်ကောင်စီကပြစ်ဒဏ်ကင်းလွတ် ထုတ်ပြန်ချက်တိုင်းရဲ့ ပထမစာကြောင်းမှာ ခရစ်နှစ်(သို့မဟုတ်) မြန်မာသက္ကရာဇ်နှစ်၊ လ၊ ရက်စွဲတို့ပါလေ့ရှိတာကို တွေ့ရပြီး ပျံ့နှံ့လာတဲ့အဲ့ဒီထုတ်ပြန်ချက်ရဲ့ပထမစာကြောင်းမှာ နှစ်၊ လ၊ ရက်တွေကိုရေးသားထားတာမျိုးမတွေ့ရပါဘူး။

 

ဒါ့အပြင် အဲ့ဒီထုတ်ပြန်ချက်က ဒီကနေ့မနက် ၁၂နာရီ ၁မိနစ်ဝန်းကျင်မှာ ထွက်ပေါ်လာခဲ့တယ်လို့ယူဆရပြီး ဆိုရှယ်လူမှုကွန်ရက်ပေါ်ကို ၁၂: ၀၉မိနစ်ဝန်းကျင်မှာ စတင်ပျံ့နှံ့လာတာပါ။ 

 

 Kaung Mart Naing ဆိုတဲ့အကောင့်ကလည်း အဲ့ဒီထုတ်ပြန်ချက်စာစောင်ကို ထပ်ဆင့်ဖော်ပြပြီး အတုဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

 

၁၂:၀၉မှာ စတင်ပျံ့နှံ့လာပြီးထပ်ဆင့်ပြန်လည်ကူးယူဖော်ပြသောပို့စ်များ

https://archive.ph/4l341/image 

https://archive.ph/cE5Mw/image 

 

ဒီထုတ်ပြန်ချက်ပျံ့နှံ့လာတာနဲ့တပြိုင်နက် MFCN အဖွဲ့သားတွေ စတင်စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

 

၁၃ရက်နေ့ မနက်တနာရီဝန်းကျင်တွင် စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုကွန်ရက် pageကို သွားရောက်စစ်ဆေးတဲ့အခါမှာ နောက်ဆုံးတင်ထားတဲ့ပို့စ် https://archive.ph/uhCDM 

 

ဒါ့အပြင် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုနေတာတွေလည်းရှိနေပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက သတင်းအမှားလို့ ဖော်ပြပေမယ့်လည်း သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေကို ယုံကြည်လာအောင် ထင်ယောင်ထင်မှား ဝါဒဖြန့်ချိနေဖြစ်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ 

 

သုံးသပ်ချက်☑️

 

စစ်ကောင်စီက အခါကြီးရက်ကြီးနေ့တွေမှာ အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိတာကြောင့် အခုလို လူစိတ်ဝင်စားဖွယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ဆိုတဲ့ သတင်းမှားကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

 

အလားတူ စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိတဲ့ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သတင်းမှားတွေက မကြာခဏဖြန့်ဝေကြလေ့ရှိတဲ့သတင်းမှားမျိုးဖြစ်ပြီး အလွယ်တကူပျံ့နှံ့လေ့ရှိတဲ့ သတင်းမှားဖြစ်ပါတယ်။

 

ဒါ့အပြင် MFCN အဖွဲ့ဝင်တွေကလည်း မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ NUG အတွင်းဝန်နှုတ်ထွက်တဲ့ အကြောင်းအရာကို ရန်ပုံငွေကိစ္စကြောင့်လို့ စွပ်စွဲပြောဆိုရေးသားတဲ့ သတင်းထုတ်ပြန်ချက်အတုအကြောင်းကိုလည်း စစ်ဆေးနိုင်ခဲ့ပါသေးတယ်။

 

သတင်းလင့် – https://shorturl.at/0FGKW 

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ Shan News Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork