ဖေဖော်ဝါရီ ၊ ၁၅
တိုက်ပွဲတွေဖြစ်ပွားလာနေတဲ့အတွက် ဧရာဝတီတိုင်းက တောဆင်ရိုင်းတွေဟာ စားကျက်တည်နေရာ ရွှေ့ပြောင်းကြမှာဖြစ်လို့ သစ်တောကြိုးဝိုင်းအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ တောဆင်ရိုင်းထိန်းသိမ်းကာကွယ်နေသူတဦးက ပြောပါတယ်။
“လက်နက်ကြီးတွေသုံး ၊ လေယာဉ်တွေသုံးရင် သူတို့မနေရဲတော့ဘူးလေ။ သစ်ပင်ကြီးတွေ တအားလှဲ ရင်လည်း သူတို့မနေရဲကြဘူး။ ဒါကြောင့် သူတို့အသက်အန္တရာယ်အတွက်ရှောင်ကြတာမျိုးပါ” လို့ တောဆင်ရိုင်းတွေ စားကျက်ရွှေ့ပြောင်းတာနဲ့ ပတ်သက်လို့ သူကပြောပါတယ်။
ဒါ့အပြင်တောဆင်ရိုင်းတွေနဲ့ တည့်တည့်တိုးမိခဲ့ရင်လည်း အန္တရာယ်ရှိနိုင်တာကြောင့် သစ်တော ကြိုးဝိုင်းအနီးက ပြည်သူတွေဟာ သစ်ပင်ကြီးတွေပေါ်မှာ လင့်စင်လုပ်ထားသင့်တယ်လို့ သူက အကြံပြုပါတယ်။
“သာပေါင်းဘက်မှာဆိုရင် သာပေါင်းမြို့ပေါ်ကလွဲရင် သစ်တောကြိုးဝိုင်းတွေပဲ။ တောဆင်ရိုင်းတွေ လာ တာကို ညဘက်ဆိုရင်တော့မသိနိုင်ဘူး။ သူတို့က ခြေသံလုံတယ်”လို့ ဧရာဝတီတိုင်းကတောဆင်ရိုင်းတွေကို လေ့လာစောင့်ကြည့် နေသူလည်းဖြစ်တဲ့ အဆိုပါပုဂ္ဂိုလ်က သတိပေးပါတယ်။
ဧရာဝတီတိုင်းထဲမှာဆိုရင် ပုသိမ်မြို့နယ် ၊ သာပေါင်းမြို့နယ်နဲ့ ငပုတော့မြို့နယ်က သစ်တောကြိုးဝိုင်းတွေထဲမှာ တောဆင်ရိုင်းတွေနေထိုင်ကြပါတယ်။ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ် တွေမှာရှိတဲ့ တောဆင်ရိုင်းအကောင်အရေအတွက်ကို မသိရပေမယ့်လည်း ငပုတောမြို့နယ်ထဲမှာတော့ တောဆင်ရိုင်းအကောင်ရေဟာ ၂၀၀ ကျော်အထိရှိနေပါတယ်။
၂၀၁၁ ခုနှစ်က နောက်ဆုံးကောက်ခံ ထားတဲ့ စာရင်းတွေအရတော့မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင် ရေ ၁၄၀၀ နဲ့ ၂၀၀၀ ကြားရှိနိုင်ပေမယ့်အသတ်ခံရမှုတွေ များလာတာကြောင့် အဲ့ဒီအရေအတွက်ထက် လျော့နည်း နိုင်တယ်လို့လည်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF)နဲ့ ပညာရှင်တွေက ပြောဆိုထား ပါတယ်။
ဒါ့အပြင်ဧရာဝတီတိုင်းက တောဆင်ရိုင်းတွေဟာ တိုက်ပွဲတွေကြောင့် စားကျက်တည်နေရာတွေရွှေ့ပြောင်းနိုင် ပေမယ့်လည်း ပြည်တွင်းမှာပဲဆက်လက်ရှိနိုင်တာမလို့ စိုးရိမ်စရာမရှိဘူးလို့လည်း တောဆင်ရိုင်းထိန်းသိမ်းကာကွယ်နေသူက ပြောပါတယ်။
ဒါ့ပေမယ့်လည်း ရခိုင်ပြည်နယ်ထဲက တောဆင်ရိုင်းတွေဟာ တိုက်ပွဲတွေကြောင့် အခြားနိုင်ငံထဲ ရောက်ရှိသွားနိုင်တာကိုတော့ သတိထားသင့်တယ်လို့ သူကဆက်ပြောပါတယ်။
“ဆင်ရတနာဆိုတာကို သူများနိုင်ငံတွေက အရမ်းလိုချင်ကြတာလေ။ ဒီအချိန် ဒီကာလမှာ ထိန်းသိမ်း စောင့်ရှောက်သူတွေလည်း ရှိမနေတော့ ရခိုင်ကဆင်တွေအတွက်စိုးရိမ်ရပါတယ်။ ဧရာဝတီထဲက ဆင်တွေ ကတော့ ဒီသစ်တောကြိုးဝိုင်းမှာနေမရရင် အခြားသစ်တောကြိုးဝိုင်းထဲကို ပြောင်းကြမှာပါ” လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး ပုသိမ် ၊ သာပေါင်းနဲ့ ရေကြည်စတဲ့ ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းဒေသတွေမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ်လုပ်ဆောင်လာနေပါတယ်။