ဖေဖော်ဝါရီ၊ ၇
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်ဒေသတွေအထိ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေ ရောက်လာတဲ့ နောက် စစ်ကောင်စီကစစ်ဆေးမှုတင်းကျပ်တာတွေရှိသလိုဧရာဝတီတိုင်းထဲကမြို့ နယ်တွေရဲ့ အစွန်အဖျားကျေး ရွာတွေမှာပါ လုံခြုံရေးတိုးမြှင့် ကင်းပတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ လပေါင်းများစွာကြာချိန်မှ တခါတရံသာတွေ့ရတတ်တဲ့ စစ်ကောင်စီလုံခြုံရေး လှည့် ကင်းတွေဟာ အခုလပထမပတ်အတွင်းမှာပဲ ပန်းတနော်မြို့နယ်နဲ့မအူပင်မြို့နယ် အစပ် ကျေးရွာတွေဘက်ကို ဆယ်ကြိမ်လောက် အထိ လှည့်ကင်းပတ်ခဲ့တယ်လို့ တူးချောင်းကျေးရွာအုပ်စုထဲမှာနေထိုင်တဲ့ ဒေသခံတဦးက DNAကိုပြောပါတယ်။
“သူတို့ (စစ်ကောင်စီတပ်) လာရင် ရွာတွေထဲမှာ ဆိုင်ကယ်တွေ ဦးထုတ် ဆောင်းစီးဆိုပြီး အသံချဲ့စက်နဲ့အော် တယ်။ တခြားတော့ ထွေထွေထူးထူးမရှိဘူး။ လုံခြုံရေးအရလာတယ်ဆိုတာလောက်ပဲ သိရတာ” လို့သူကဆို ပါတယ်။
စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပန်းတနော်မြို့နယ်နဲ့ မအူပင်မြို့နယ်အစပ် ဧရာဝတီ မြစ် ရိုးတလျောက်က ပြလင်း၊ မိမ္မပြေး၊ မြစ်ဝ ၊ ထိန်ကုလားကုန်း၊ တူးချောင်း အစရှိတဲ့ ကျေးရွာအုပ်စုတွေဆီကို အိမ်စီးကားနဲ့လှည့်ကင်းပတ်နေတာလို့သိရပါတယ်။
အဲ့ဒီစစ်ကောင်စီလည့်ကင်းကားပေါ်မှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားတဲ့ စစ်သားနှစ်ဦးအပါအဝင် စုစုပေါင်း လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးလောက် လိုက်ပါလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပန်းတနော်မြို့နယ်ဟာ ဓနုဖြူ၊ဝါးခယ်မမြို့နယ်တွေနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြစ်ရိုးတလျှောက် ထိစပ် သလို ရန်ကုန်-ဧရာဝတီအစပ်မြို့နယ်တွေဖြစ်တဲ့ ညောင်တုန်း၊မအူပင်မြို့နယ်တွေနဲ့လည်း ဧရာဝတီမြစ်သာခြားပါတယ်။
စစ်ကောင်စီလှည့်ကင်းအဖွဲ့ဟာ နယ်စွန် နယ်ဖျားကျေးရွာတွေအထိ ကင်းပတ်ချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်တွေကိုဝင်ရောက်တာ၊ကျေးရွာတွေထဲ လှည့်ပတ်ကြည့်ရှုတာမျိုးတွေပါ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
“ပေါ်တာဆွဲတဲ့သတင်းတွေကြားနေရတော့ ရွာခံတွေက သူတို့ (စစ်ကောင်စီတပ်) လာရင် စိုးရိမ်စိတ်တွေရှိတာ ပေါ့၊အခုထိတော့ ရွာတွေထဲမှာ ပေါ်တာဆွဲတာမကြားရသေးဘူး။ စစ်မှုထမ်းခေါ်လို့ ပါသွားတာတွေတော့ရှိတယ်” လို့ တူးချောင်းကျေးရွာအုပ်စုထဲက ရွာတရွာမှာနေထိုင်တဲ့ ဒေသခံကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပန်းတနော်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်မှုထမ်းလိုက်ပါသွားရသူတွေအတွက်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ငွေကြေးကောက်ခံတာကြောင့် တအိမ်ကို ကျပ်တသောင်းစီ လစဉ် ပေးနေရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ပုသိမ်၊သာပေါင်း စတဲ့မြို့နယ်တွေဘက်မှာ ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်းကစလို့ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲ့ဒီတိုက်ပွဲတွေ ဖြစ်လာချိန်ကစလို့ စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းမှာ စစ်ဆေးမှုတင်းကြပ်တာ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကိုဌာနနဲ့ကင်းလွတ်မနေဖို့၊ပုံမှန်အတိုင်းရုံးတက်ဖို့ဖိအားပေးတာ၊စစ်ရေးအရ တပ်နေရာ ပြောင်းရွှေ့ ချထားမှုနဲ့ မြို့ပေါ်တွေက စစ်ကောင်စီစခန်းတွေမှာ ခံစစ်ပြင်တာမျိုးတွေလည်း လုပ်နေတယ်လို့ ဧရာဝတီဒေသခံ တွေက ပြောကြပါတယ်။
အလားတူ ဧရာဝတီတိုင်းနဲ့ထိစပ်တဲ့ ရန်ကုန်တိုင်းဘက်က ထန်းတပင်၊ လှိုင်သာယာစတဲ့မြို့နယ်တွေမှာလည်း ဧည့်စာရင်းအဟောင်းတွေကို ပြန်စိစစ်တာ၊ ဧည့်စာရင်းအသစ်တွေ လက်မခံဖို့ညွှန်ကြားတာ၊အကယ်၍ ဧည့်စာရင်း အသစ်လက်ခံခဲ့ရင်လည်း အထက်ကိုတင်ပြဖို့ဆိုပြီးညွှန်ကြားထားတာတွေရှိနေတယ်လို့ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက DNAကိုပြောထားပါတယ်။