ဧရာဝတီခရီးသွားတွေ နည်းပါးလာလို့ ဒဂုံ-ဧရာအဝေးပြေးကို မှီခိုရပ်တည်နေသူတွေ ဝင်ငွေလျော့ကျ

Photo – Social Media (ဒဂုံ-ဧရာအဝေးပြေးကားဂိတ်အတွင်းကယာဉ်လိုင်းဂိတ်တချို့။ (ပုံဟောင်း))

ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေတွေကြောင့် ခရီးသွားလာသူနည်းပါးလာလို့ ဒဂုံဧရာအဝေးပြေးကို မှီခို လုပ်ကိုင်စားသောက်နေသူတွေဝင်ငွေလျော့ကျကာ စားဝတ်နေရေးအခက်ကြုံလာတယ်လို့ အဲ့ဒီနေရာမှာ ဈေး ရောင်းချသူတချို့နဲ့ ခရီးသည်ခေါ်ပေးသူတွေက ပြောကြပါတယ်။

ဧရာဝတီတိုင်းမြို့နယ်တွေနဲ့ ရန်ကုန်မြို့ အဓိက ချိတ်ဆက်ရာ ဒဂုံဧရာအဝေးပြေးမှာ အခုလ ဇန်နဝါရီ ပထမပတ် လောက်အထိ ခရီးသွားလာမှုပုံမှန်အနေအထားလောက်ရှိခဲ့ပေမဲ့ ဒုတိယပတ်လောက်ကစပြီး ခရီးသည် သိသိသာ သာလျော့ကျသွားတယ်လို့ အဝေးပြေးဝန်းအတွင်းရောင်းချနေတဲ့ လက်ပွေ့ဈေးသည်တဦးက ပြောပါတယ်။

“၄၅ ယောက်စီးတဲ့ ကားတွေတောင် ခရီးသည်အများဆုံးပါရင် ၈ ယောက်ပဲ။ အဝေးပြေးက ခြောက်ကပ်ကပ်ကြီး။ ဈေးလည်းမရောင်းရဘူး” လို့ အဝေးပြေးမှာ ပန်းသီးလိုက်လံရောင်းချနေတဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

အခုလို ဧရာဝတီတိုင်းကို ခရီးသွားသူနည်းပါးလာတာဟာ ဒေသတွင်းတိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် လမ်း ကြောင်းတလျောက်အစစ်အဆေးပိုများလာတာ၊ခရီးသွားဒေသတွေဖြစ်တဲ့ အပန်းဖြေကမ်းခြေတွေဆီ သွားရောက် လည်ပတ်သူတွေ မရှိသလောက်နည်းပါးလာတာတွေကြောင့်ဖြစ်နိုင်တယ်လို့ အဝေးပြေးကို မှီခိုရပ်တည်နေသူ တွေက သုံးသပ်ပါတယ်။

ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်းဈေးရောင်းချနေတဲ့ လက်ပွေ့ဈေးသည်တဦးကသူ့အနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင် ဘာလ ခရီးသွားရာသီကာလအတွင်း တနေ့အမြတ်ငွေ ကျပ်လေးသောင်းကျော်လောက်အထိရခဲ့ပေမယ့် လပိုင်း အကြာ လက်ရှိမှာတော့ အမြတ်ငွေတရက်ကျပ်တသောင်းအောက်ပဲရနေတယ်လို့ ပြောပြပါတယ်။

ယာဉ်လိုင်းတွေ အတွက် ခရီးသည်ခေါ်ဆောင်ပေးနေသူတဦးကတော့ လက်ရှိတနေ့တာဝင်ငွေဟာ မိသားစု တရက်တာ စားစရိတ်တောင်မကာမိဘူးလို့ ညည်းတွားပါတယ်။

ဒဂုံဧရာအဝေးပြေးမှာ ချောင်းသာ ၊ ငွေဆောင်အပါအဝင် ပုံမှန်ထွက်ခွာနေကျ ယာဉ်လိုင်းတွေအားလုံး နေ့စဉ် ထွက်ခွာပြေးဆွဲနေပေမဲ့ ခရီးသွားသူအလွန်နည်းပါးတယ်လို့ အဲ့ဒီကားဝင်းအတွင်း လုပ်ကိုင်နေသူတွေကပြော ကြပါတယ်။

 “ပုသိမ်ကားတွေ ၊ ငွေဆောင်ကားတွေ မနားသေးပါဘူး၊ထွက်တယ်၊ခရီးသည်မပါတော့ သူတို့ (ယာဉ်လိုင်းတွေ) လည်း ကုန်ပစ္စည်းအားကိုးထွက်ရတာ” လို့ ယာဉ်လိုင်းတွေအတွက် ခရီးသည်ခေါ်ပေးနေသူတဦးကပြောပါတယ်။

ဒဂုံဧရာအဝေးပြေးဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့ကို အဓိကဆက်သွယ်ပေးတဲ့ ကားဂိတ်တခု ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းပေါင်း ၉၀ လောက်ရှိနေပါတယ်။ ခရီးသွားလာသူနည်းပါးလာတဲ့ လက်ရှိမှာတော့ ယာဉ်လိုင်းတွေက ကားအစီးရေလျှော့ချပြေးဆွဲတာမျိုးတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဒဂုံဧရာအဝေးပြေးအတွင်း ထိုးမုန့်ရောင်းချတဲ့ အမျိုးသမီးတဦးကတော့ ခရီးသွားလာသူနည်းပါးလာပြီး ဝင်ငွေ လျော့ကျလာတာကြောင် လာမယ့်ဖေဖော်ဝါရီလမှာ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်ဆီ ပြောင်းရွှေ့လုပ်ကိုင် တော့မယ်လို့ ပြောပါတယ်။

“အဝေးပြေးမှာ အဆင်ပြေတာ ဆိုလို့ ရဲရယ် ၊ စစ်သားရယ် ၊ စည်ပင်ရယ်ပဲရှိတယ်” လို့လည်း သူက ပြောပါတယ်။

ရခိုင်နဲ့ ဧရာဝတီအစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အာရက္ခတပ်တော် AA က အသိ ပေးထုတ်ပြန်ခဲ့ပြီးနောက်ရက်ပိုင်းအကြာ အခုလ၂၂ရက်မှာပဲ ဗြိတိန်အစိုးရက မြန်မာနိုင်ငံအတွင်း ခရီး မသွား သင့်တဲ့ ဒေသတွေထဲ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ ၊ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်ခုနစ်ခု ကိုထည့်သွင်းခဲ့ပါသေးတယ်။