
ဇန်နဝါရီ၊ ၁၆
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ စစ်မူထမ်းဥပဒေအကြောင်းပြပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ငွေကြေးထည့်ဝင်သူတွေစစ်မှုထမ်းရမယ့်အထဲ မပါစေဖို့ ခြောက်လအာမခံတယ်လို့ဆိုကာ အုပ်ချုပ်ရေးမှူးတွေက ငွေကျပ် သိန်းချီကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ချမ်းသာတဲ့သူတွေဆီကနေ ပိုက်ဆံယူပြီး ဆင်းရဲတဲ့လူတွေကို စစ်မှုထမ်းလိုက်ဖို့ ပြန်ဝယ်တာ၊ ပိုက်ဆံထည့်ထားရင်တော့ လာမခေါ်တာများတယ်၊ ချမ်းသာတဲ့ရပ်ကွက်တွေဆို အဲလိုပိုက်ဆံပေးထားတော့ အုပ်ကြီးတွေ လာတောင်မလာဘူး” လို့ ဓနုဖြူမြို့ခံတဦးက DNA ကို ပြောပါတယ်။
စစ်မှုထမ်းသင်တန်း အပတ်စဥ်အသစ်တခု စတင်ခါနီးတိုင်း အဲလိုကောက်ခံလေ့ရှိပြီး စစ်မှုထမ်းဖို့ ကိုယ်စားလိုက်ပေးတဲ့သူတွေကိုတော့ ငွေကြေးဘယ်လောက်ပေးရလဲဆိုတာ အုပ်ချုပ်ရေးမှူးတွေက ထုတ်ပြောတာမျိုးမရှိဘူးလို့လည်း သူက ပြောပါတယ်။
“ကိုယ်စားလိုက်ပေးတဲ့သူတွေကိုလည်း ပေး၊ သူတို့(အုပ်ချုပ်ရေးမှူး)လည်း စားတာပေါ့၊ တခါကောက်ရင် သုံးသောင်း၊ ငါးသောင်း အဲလိုကောက်တာ” လို့လည်း သူက ဆိုပါတယ်။
အခုလ ဇန်နဝါရီ ၁၄ ရက်နေ့ကပဲ ဓနုဖြူမြို့၊ ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူတွေကို အစည်းအဝေးခေါ်ယူပြီး ငွေထည့်တဲ့သူတွေအနေနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့် ခြောက်လအာမခံရမယ်လို့ဆိုကာ ယောက်ျားလေးရှိတဲ့ မိသားစုဆို တသိန်း၊ ယောက်ျားလေးမရှိတဲ့ မိသားစုဆို ငါးသောင်းနှုန်းနဲ့ ငွေကြေးတောင်းခံခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ဆီကနေ သိရပါတယ်။
သတင်းအထူးတပ်ဖွဲ့(ပုသိမ်)ဟာ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး သတင်းစုံစမ်းထောက်လှမ်းနေတဲ့ တော်လှန်ရေးအင်အားစုတခုဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတဦးကတော့ အုပ်ချုပ်ရေးမှူးတွေက အခုလို အာမခံပြီး ငွေကြေးကောက်ခံနေပေမယ့် ငွေကြေးပေးဆောင်ထားသူတိုင်း စစ်မှုမထမ်းရဖို့ မသေချာဘူးလို့ ဆိုပါတယ်။
“အာမ မခံနိုင်ပါဘူး၊ ဆင့်ခေါ်တယ်ဆိုပြီး အိမ်ပေါ်တက်ခေါ်သွားလည်း လိုက်သွားရတာပါပဲ” လို့ သူက DNA ကို ပြောပါတယ်။
စစ်မှုမထမ်းရဖို့ အုပ်ချုပ်ရေးမှူးတွေကို ငွေကြေးပေးဆောင်ထားပေမယ့် အဲဒီလို စစ်မှုထမ်းဖို့ အတင်းခေါ်ဆောင်သွားခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ကတော့ DNA အနေနဲ့ အတိအကျ မသိရသေးပါဘူး။
စစ်ကောင်စီက မနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးကတည်းက ဧရာဝတီတိုင်းထဲက မြို့တော် ပုသိမ်အပါအဝင် မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေအထိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အခုလို ငွေကြေးကောက်ခံတာတွေ မကြာခဏ ရှိနေပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းအတွင်း လူငယ်တွေ ဖမ်းဆီးခံရပြီး စစ်မှုထမ်းဥပဒေအရ စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံလိုက်ရတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
မြောင်းမြမြို့နယ် ကျေးရွာတချို့မှာဆိုလည်း အတင်းအဓမ္မစစ်သားစုဆောင်းတာတွေရှိနေပြီး စစ်မူထမ်းကင်းလွတ်ခွင့်ရဖို့ဆိုကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ရန်ပုံငွေထည့်ရင် စစ်ထဲမပါဘူးပေါ့ အဲဒီလိုကောက်တာ၊ ပိုက်ဆံကတော့တအိမ်နဲ့တအိမ်မတူဘူး၊ သောင်းဂဏန်းအနည်းဆုံးပဲ၊ကျတော်ဆိုငွေမရှိတော့တခြားသွားရှောင်နေရတာ”လို့မြောင်းမြမြို့နယ်ကျေးရွာတခုကဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ်(၉) စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး တချို့ဒေသတွေမှာတော့ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ အရင်အပတ်စဥ်တွေကလို ငွေကြေးပေးဆောင်လို့မရတော့ဘဲ လူအင်အားကိုသာ အဓိက စုဆောင်းနေတယ်လို့လည်း သိရပါတယ်။