ဒီဇင်ဘာ၊ ၃၀
ထိုးစစ်အပြင်းအထန်ဆင်နေတဲ့ ရခိုင်တောင်ပိုင်းအစွန်ဆုံး ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်ကို အာရက္ခတပ်တော်(AA) ကအပြည့်အဝ သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ (၁၅) ရက်နေက စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်တဲ့ ခမရ (၅၆၂) နဲ့ ခမရ (၅၆၃) တပ်ရင်းတို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၂၉) ရက်မှာ ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်းသိမ်းပိုက်ရရှိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
ဒါပေမယ့်ဂွမြို့ကိုစစ်ကူလာရောက်တဲ့တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄)၊တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၄)၊ ခမရ (၂၁၅) နဲ့ခမရ (၂၁၇)၊အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) ၊ ခလရ (၃၈)၊ ခလရ (၉၃) ၊ခလရ (၂၇၁) နဲ့ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ကအာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့နဲ့ ခုခံကာကွယ်ခဲ့ပေမယ့် နှစ်ပတ်ကြာ ထိုးစစ်အပြီးမှာ ဂွမြို့ကအာရက္ခတပ်တော်ရဲ့၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ရခိုင်တောင်ဖက်အကျဆုံး မြို့တမြို့ဖြစ်လာခဲ့ပြီလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကဂွမြို့ကိုအင်အား (၁၂၀၀) ကျော်နဲ့ခုခံကာကွယ်ခဲ့ပေမယ့်နောက်ဆုံးမှာ အာရက္ခတပ်တော်ရဲ့ထိုးစစ်ကိုယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတာလို့လည်းဆိုပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့တာပါ။
ဒါ့အပြင်ပျက်စီးသွားတဲ့သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနဲ့ သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ AAကပြောပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဖက်က ခန့်မှန်း (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းတွေနဲ့
ဖမ်းဆီးရမိသုံ့ပန်းများထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရတယ်လို့ AAက ဒီဇင်ဘာ ၂၉ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
ဂွမြို့နယ်ကို သိမ်းပိုကိလိုက်လို့ လက်ရှိကာလအထိတနှစ်တာထိုးစစ်အတွင်း AAက ရခိုင်ပြည်နယ်၁၇မြိုနယ်အနက် ၁၄မြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီက မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့နယ်သုံးခုကိုသာ ထိန်းချုပ်ထားနိုင်တာပါ။
AAက ရခိုင်တောင်ပိုင်း သံတွဲ၊တောင်ကုတ်အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ်ပါ သိမ်းပိုက်ထားပြီး လက်ရှိဂွမြို့နယ်ပါ သီမ်းပိုက်လိုက်လို့ ရခိုင်နဲ့ပြည်မဒေသဆက်စပ်ဝင်ပေါက် မြို့အားလုံးကို စစ်ကောင်စီလက်လွတ်ရတာလည်းဖြစ်ပါတယ်။
ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နဲ့ ဧရာဝတီ တိုင်း ငသိုင်းချောင်းမြို့က ၅၃မိုင်လောက်သာ ကွာဝေးတာပါ။ ဒါ့အပြင်အမ်းနဲ့မကွေးတိုင်း မင်းဘူး(ပဒါန်း)၊ တောင်ကုတ်နဲ့ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တို့က မိုင်တရာကျော်စီသာ ကွာဝေးတာဖြစ်ပါတယ်။
AAက မကွေး၊ဧရာဝတီနဲ့ပဲခူးတိုင်းအနောက်ခြမ်းက တော်လှန်ရေးအင်အာစုတွေကို ပံ့ပိုးထားပြီး မဟာမိတ်ဆက်ဆံရေးရှိလို့ ထိုးစစ်တွေက အဲဒီဒေသတွေကို ပျံနှံ့နိုင်တယ်လို့လည်း သုံးသပ်ထားကြတာဖြစ်ပါတယ်