ကနီမှာ လူနေရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံး၊ ဆယ်ဦးနီးပါးဒဏ်ရာရ

Photo – စစ်ကောင်စီ (ပုံဟောင်း)

ဒီဇင်ဘာ၊ ၁၇

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၁၆ရက်ညပိုင်းမှာ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးဦးသေဆုံးပြီး ဆယ်ဦးနီးပါးဒဏ်ရာရကာ နေအိမ်အဆောက်အအုံတချို့ လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီဟာ မနေ့ည ရှစ်နာရီနဲ့ ရှစ်နာရီခွဲဝန်းကျင်တွေမှာ ကနီမြို့နယ်ထဲက ကျောက်လှေကားရွာနဲ့ နတ်ကြီး ရွာတို့ကို လေကြောင်းကတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၁နှစ်နဲ့ ၁၅နှစ်အရွယ် ဆယ်ကျော် သက် ကလေးနှစ်ဦးအပါအဝင် ကျောက်လှေ ကားရွာခံ ငါးဦးသေဆုံးခဲ့ကြတာလို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

သေဆုံးသူတွေထဲ ဆယ်ကျော်သက်ကလေးနှစ်ဦးအပြင် အသက် ၁၈နှစ်အရွယ် မိန်းကလေးတဦး၊အသက် ၄၈နှစ် အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၆နှစ်အရွယ် အမျိုးသားတဦးပါဝင်တယ်လို့သိရပါတယ်။မနေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်လှေကားရွာခံငါးဦးသေဆုံးခဲ့သလို နောက်ထပ် ရွာခံ ကိုးဦးလည်းဒဏ်ရာတွေရ ခဲ့ကြ ပါသေးတယ်။

ကျောက်လှေကားရွာဟာ ကနီမြို့ မြောက်ဘက် ကနီ-မင်းကင်းအစပ် ချင်းတွင်းမြစ်ကမ်းဘေးကရွာတရွာဖြစ်ပြီး စစ်ကောင်စီက ဘာကြောင့် အခုလို လေကြောင်းကတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့မသိရပါဘူး။အလားတူ စစ်ကောင်စီဟာ ကနီမြို့အနီးက ချင်းတွင်းမြစ်သာ ခြားတဲ့ မြစ်အရှေ့ဘက်ကမ်းပေါ်က နတ်ကြီးရွာကိုလည်း မနေ့ညကပဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။

နတ်ကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ လူထိခိုက်သေဆုံးမှုမရှိဘဲ နေအိမ်တလုံးနဲ့ ဘာသာရေး အ ဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုရှိတယ်လို့ကိုပြည့်အောင်နိုင်က ပြောပါတယ်။

၂၀၂၁စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့အနှံ့လေကြောင်းတိုက်ခိုက်ခံရမှုတွေ နှစ်စဉ်မြင့်တက်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆယ်ဆကျော်အထိ မြင့်တက်လာတယ်လို့ အဲ့ဒီဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့် နေတဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ကိန်းဂဏန်တွေအရသိရပါတယ်။

အာဏာသိမ်းမှုစတင်ပေါ်ပေါက်တဲ့ ၂၀၂၁ခုနှစ် နိုင်ငံတဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ် သား ၆၃ဦးရှိခဲ့ရာက ၂၀၂၂ခုနှစ်မှာ ၂၆၀ဦး၊ ၂၀၂၃ခုနှစ်မှာ ၆၁၃ဦး၊ ၂၀၂၄ခုနှစ် အခုနှစ်မှာတော့ နှစ်ဆန်းကနေ ဩဂုတ် လအထိ ၈၁၃ဦးအထိ နှစ်စဉ်မြင့်တက်လာတယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းမှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။