
(စကခ-၅ကို သိမ်းပိုက်ပြီးတောင်ကုတ် တမြို့နယ်လုံးကိုထိန်းချုပ်)
ဒီဇင်ဘာ၁၅
တောင်ကုတ်မြို့ရှိနောက်ဆုံးလက်ကျန် စစ်ကောင်စီရဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ-၅ကို အာရက္ခတပ်တော် ( AA)က သိမ်းပိုက်လိုက်ပြီး မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တဦးကပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၁၄ရက်ညနေပိုင်းမှာ စကခ-၅ ဌာနချုပ်ကို အလုံးစုံသိမ်းပိုက်ခဲ့တာလို့ AAနဲ့စပ်တဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။
“အလံဖြူထောင်တာလည်းရှိပါတယ်၊ ထွက်ပြေးနေတဲ့သူတွေကိုလိုက်ရှင်းလင်းနေတယ်”လို့သူကဆက်ပြောပါတယ်။
စကခ -၅ တပ်မမှူးကတော့ တိမ်းရှောင်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကပြောပေမယ့် DNAက သီးသန့်အတည်မပြုနိုင်သေးပါဘူး။
စကခ-၅အခြေစိုက် တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့နိုဝင်ဘာလ (၄) ရက်ကနေ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးသိမ်းပိုက်ရရှိခဲ့ကာတောင်ကုတ်မြို့တစ်ခုလုံးကိုနိုဝင်ဘာလ (၂၄) ရက်နေ့မှာ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ AA နိုဝင်ဘာ ၂၈ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
စကခ-၅ စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ. ပတ်သတ်ပြီး AAက အခုအချိန်ထိတော့ ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမယ့် AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော. စကခ- ၅ကိုသိမ်းပိုက်ပြီး တောင်ကုတ်တမြို့နယ်လုံးကို ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်းသတင်းဌာနအချို့ကို အတည်ပြုဖြေကြားထားပါတယ်။ DNAအနေနဲ့လည်း ရခိုင်ထိုးစစ်အခြေအနေတွေနဲ့ပတ်သတ်လို့AAပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စကခလို့ခေါ်တဲ့စစ်ဆင်ရေးကွပ်ကဲမူဌါနချုပ် သုံးခုရှိပြီး ကျောက်တော် အခြေစိုက် စကခ-၉နဲ့ဘူးသီးတောင်အခြေစိုက်စကခ- ၁၅ကို AAကသိမ်းပိုက်ထားတာပါ။ အခုတောင်ကုတ်အခြေစိုက် စကခ-၅ကို AAက ထပ်မံသိမ်းပိုက်လိုက်လို့ စစ်ကောင်စီအနေနဲ့ ဒေသတွင်း စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် သုံးခုလုံးကို လက်လွတ်ခဲ့ရတာပါ။
ဒါကြောင့်စစ်ကောင်စီကအမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်တွေက ဒေသကွပ်ကဲမူစစ်ဌါနချုပ်(ဒကစ)တို့သာ အဓိကဌာနချုပ်စခန်းလောက်ကျန်ရှိတော့မှာဖြစ်ပါတယ်။
နပခဌာနချုပ်ကိုလည်း AAက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက အလုံးစုံလက်လွတ်ထားရတဲ့ အနေအထားလို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ပဲခူးတိုင်းအစပ် တောင်ကုတ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့လို့ AAက ပြည်မဒေသတော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်နိုင်ဖို့ လမ်းပွင့်သွားပြီလို့ဆိုနိုင်ပါတယ်။
တောင်ကုတ်နဲ့ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က မိုင်တရာစွန်းစွန်းသာကွာဝေးတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ AAကထိုးစစ် တနှစ်တာကာလလောက်အတွင်း ရခိုင်ပြည်နယ်၁၇မြို့နယ်မှာ ၁၂မြို့နယ်နဲ့ ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပါတယ်။