ဒီဇင်ဘာ၊ ၈
မောင်တောမြို့နယ်က နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ အမှတ်၅ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ခွဲ နခခ-၅ နဲ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုကို AAကအပြည့်အဝသိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
နခခ-၅တပ်စခန်းကိုAAက ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက ထိန်းချုပ်နိုင်ခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ၈ရက်မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ အမ်းမြို့နယ်မှာတခုတည်းသာ ကျန်ရှိတော့တဲ့ နပခဌာနချုပ်ကိုတော့ ဒီကနေ့မှာ အပြည့်အဝသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
“လက်နက်ချတာတွေလည်းများတယ်၊ ကိုယ့်ဖက်(AA)ကတော့နယ်မြေရှင်းလင်းနေတုန်းလို့သိရပါတယ”!လို့ AAနဲ့နီးစပ်တဲ့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
AAကလည်းမောင်တော အခြေစိုက် နခခ (၅)ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ်ကို ပိုင်းခြားထားတဲ့နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ AAက ထုတ်ပြန်ပါတယ်။
မောင်တောမြို့ရဲနောက်ဆုံး တစ်ခုတည်းကျန်ရှိတော့တဲ့ စစ်ကောင်စီရဲ့အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ဒီကနေ့ ဒီဇင်ဘာလ (၈) ရက် နံနက် (၉) နာရီ (၃၀) မိနစ်မှာ အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီလို့ AAကဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့အပေါင်းအပါ အဖွဲ့များဖြစ်တဲ့ RSO ၊ ARSA ၊ ARA နဲ့ သင်တန်းပေးထားတဲ့ စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့တို့မှာ ဖရိုဖရဲထွက်ပြေးနေကြလို့လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။
ထွက်ပြေးနေတဲ့ အဖွဲ့များက ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နတ်မြစ်တစ်လျှောက် စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများနဲ့ ထွက်ပြေးရန် ကြိုးစားနေလို့ စစ်ရေး လိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအတွက် နတ်မြစ် (ရခိုင်ပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများကို ဒီကနေ့ဒီဇင်ဘာလ (၈) ရက်နေ့၊ ညေန (၃) နာရီခြဲ အချိန်မှစ၍ အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့မှာလည်း မောင်တော နခခ ၅စခန်းက ဒဏ်ရာရနေသူနေတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် တရာနီးပါးက အကူအညီတောင်းနေတဲ့ရုပ်သံ ဗီဒီဖိုင်တွေလူမူကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
အဲဒီရုပ်သံဖိုင်တွေမှာ စကစတပ်ဖွဲ့တွေက လနဲ့ချီပိတ်ဆို့ခံနေရကြပြီး လာရောက်ကူညီကယ်ထုတ်မယ့်အစီအစဉ်မရှိဘူးလို့ပြောဆိုနေကြတာပါ။
ဒါ့အပြင် စကခ -၁၅ကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းလည်း တပ်ဖွဲ့ဝင်အချို့နဲ့အတူ ထွက်ပြေးသွားပြီလို့ပြောဆိုနေတာပါ။
စစ်ကောင်စီလော်ဘီလူမူစာမျက်နှာတချို့မှာလည်း နပခနဲ့ နခခ-၅စခန်းတွေကို လက်လွတ်လိုက်ရပြီး အောက်ခြေတပ်ဖွဲ့ဝင်တွေကို ဂရုမပြုကြလို့ ဝေဖန်ပြစ်တင်ထားကြားတာလည်းတွေ့ရပါတယ်။
နပခနဲ့ နခခ-၅စခန်းသိမ်းတိုက်ပွဲအခြေအနေတွေနဲ့ပတ်သတ်လို့ AAကေတာ့ လက်ရှိအချိန်အထိ ထုတ်ပြန်အတည်ပြုတာမရှိသေးပါဘူး။
အဲဒီဌာနချုပ်စခန်းနှစ်ခုသာ သိမ်းပိုက်နိုင်ရင်တော့ AAက အမ်းနဲ့မောင်တောမြို့နှစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။
ဒါဆိုရင်တော့ AAက ရခိုင်ပြည်နယ် ၁၇မြို့နယ်အနက် ၁၂ခုအထိသိမ်းပိုက်ထားနိုင်တာလည်းဖြစ်ပါတယ်။
အဲဒီဌာနချုပ်စခန်းသိမ်းတိုက်ပွဲအခြေအနေတွေကိုအသေးစိတ် အတည်ပြုနိုင်ဖို့ DNAက စုံစမ်းနေဆဲဖြစ်ပါတယ်။