ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်

၂၀၂၄ နိုဝင်ဘာလ ၁၅ ရက်၊ သျှမ်းသံတော်ဆင့် / DNA/ The Red Flag

 

ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည်။

 

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး  ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။

 

သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း အဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အဖွဲ့တစ်ခုကနေပြီးတော့ တပ်မတော်စခန်းကုန်းတစ်ခုကို လာတိုက်တဲ့ဗီဒီယိုဖိုင်မှတ်တမ်းဖြစ်ဖို့များတယ် ယူဆပါတယ်။ အဲ့ကြောင့် သေချာပေါက် ဗီဒီယိုဖိုင်ထဲက သေကြေသွားတဲ့သူတွေဟာ PDF ဖြစ်ဖို့များတယ်” ဟု (မူရင်းအတိုင်း) အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။

 

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး “Thazin Oo” ချန်နယ်လ်အပြင် “တပြည်သူ” ဆိုသည့် လူမှုကွန်ရက် Page တစ်ခုကလည်း ဖြန့်ချိထားသည်။

 

 

Thazin Oo – https://archive.ph/PsIOX

 

တပြည်သူ – https://archive.ph/PEmg6

 

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများ အနေဖြင့် အဆိုပါအကြောင်းအရာ ကို စစ်ဆေးကြည့်သည့်အခါ ရိုက်ကူးရေး ရုပ်သံဖိုင်ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကိုတွေ့ရသည်။

 

သတင်း စစ်ဆေးတွေ့ရှိချက်

 

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်မှ ဖော်ပြထားသော ဗီဒီယိုဖိုင်ကို အချက်အလက် စစ်ဆေးသူများက Reverse Image Search Tools ဖြင့်စိစစ်ခဲ့သည်။

 

 

မူရင်း ဗီဒီယိုဖိုင်သည် seng N..hKum ဆိုသည့်  Tik Tok ချန်နယ်လ်တစ်ခုက ၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့ကတည်း ဖော်ပြပြီး၊ များမကြာမီ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့သည်။

 

၃၇ စက္ကန့်ကြာသည့် ထိုဗီဒီယိုဖိုင်ထဲတွင် စခန်းကုန်းတစ်ခုဟုယူဆရသည့် တောင်ကုန်းပေါ်သို့ စစ်သားအများအပြား ချီတက်နေစဉ် ဗုံးပေါက်ကွဲသောကြောင့် အလူးအလဲဖြစ်ကာ ပြန်လည်နောက်ဆုတ်လာကြသည်ကို တွေ့ရသည်။  

 

မူရင်း ဗီဒီယိုဖိုင် – https://archive.ph/rNCOM

 

သို့ဖြစ်ရာ ထိုဗီဒီယိုဖိုင်သည် တိုက်ပွဲဖြစ်ရပ်မှန် မဟုတ်ဘဲ ရိုက်ကူးရေး လုပ်နေခြင်းဖြစ်သည်။ ဒါရိုက်တာဟု ယူဆရသည့် လူတစ်ဦးက ထိုတောင်ကုန်း၏ခြေအောက်တွင် မတုန်မလှုပ်ဘဲ ရပ်ကြည့်နေသကဲ့သို့ အင်္ကျီအနီရောင် ဝတ်ဆင်ထားသော လူတစ်ဦးကလည်း ကင်မရာကိုကိုင်ကာ ရိုက်ကူးနေသည်။ 

 

ထို့အပြင် တောင်ကုန်း၏အခြားတစ်ဖက်ခြမ်းတွင်လည်း အုပ်စုလိုက်ထိုင်နေသည့် ရိုက်ကွင်းအဖွဲ့များလည်း  တွေ့ရသည်။

 

သို့သော် ရိုက်ကူးရေးသည် မည့်သည့်အချိန်၊ နေရာတွင် ရိုက်ကူးထားကြောင်း အတည်ပြု၍ မရခဲ့ပေ။ 

 

ဗီဒီယိုဖိုင်၏ ကော့မန့်အောက်တွင်လည်း ရိုက်ကူးရေး လုပ်နေကြောင်း၊ ဇာတ်ကားရိုက်နေကြောင်း စသဖြင့် ပြောဆိုထားသည်ကိုလည်း တွေ့ရပြန်သည်။

 

ဆက်လက်ပြီး seng N..hKum ချန်နယ်လ်ထဲသို့ ဝင်ကြည့်ရာ ရယ်စရာ ဟာသဗီဒီယိုဖိုင်များ၊  နေ့စဉ်လှုပ်ရှားမှု ဗီဒီယိုဖိုင်များ တင်ဆက်ထားသည်ကို တွေ့ရသည်။

 

သုံးသပ်ချက်

 

ထိုကြောင့် စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများသည် ဆိုသည့်ဝါဒဖြန့်ချိမှုအကြောင်းအရာက မှားယွင်းနေပါသည်။

 

သတင်းအမှားဖြန်ချိသူတွေက ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်၍ ထိခိုက်သေဆုံးမှုများဟု သတင်းအမှားဖြန့်နေခြင်း ဖြစ်သည်။

 

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ၊ ၂၀၂၃ခုနှစ်တွင်လည်း KIA – KPDFအများအပြားသေဆုံးဟုဆိုကာ ရုပ်ရှင်ဇာတ်ဝင်တခုကို အသုံးပြု၍ ဖြန့်ဝေလာသည့် သတင်းမှားကိုလည်း MFCNအဖွဲ့ဝင် DNA FactCheck Teamမှ စစ်ဆေးနိုင်ခဲ့ပြီး ၏နေရာ (https://www.facebook.com/share/p/17cWN2QTQ3/) တွင် ဖတ်ရှုနိုင်ပါသည်။

 

ထို့ကြောင့် Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

 

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

 

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် –https://www.facebook.com/myanmarfactcheckingnetwork

#FactCheck #MFCN#DNAFactCheck