နိုဝင်ဘာ၊ ၁၉
ရှမ်းပြည်နယ် တောင်ကြီးမြို့က ရပ်ကွက်တချို့မှာ စစ်မှုထမ်းစရိတ်ဆိုပြီး စစ်မှုထမ်းဖို့အကျုံးဝင်သူမရှိတဲ့ မိသားစု တွေကိုပါ အနည်းဆုံး ကျပ်ငါးသောင်းကနေ တသိန်းခွဲအထိ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေက အတင်း အဓမ္မကောက်ခံနေတယ်လို့ မြို့ခံတွေက DNAကိုပြောပါတယ်။
“အုပ်ချုပ်ရေးမှူးက ကောက်ခိုင်းတာဆိုပြီး ဆယ်အိမ်မှူးတွေက တအိမ်တက်ဆင်းလိုက်တောင်းနေတာ၊ မကျေနပ် ရင် ရုံးလာခဲ့၊စစ်မှုထမ်းရမယ့်သူမရှိလည်း ပေးရမှာဆိုပြီးခြိမ်းခြောက်တောင်းနေတာ” လို့ တောင်ကြီးမြို့ညောင် ဖြူစခန်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အရွယ်ရောက်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို စစ်ကောင် စီကအခုနှစ်ဆန်းပိုင်းမှာအသက်သွင်းခဲ့ပြီးနောက်နိုင်ငံတဝန်းမှာ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းမှုတွေပေါ် ပေါက်လာသလို စစ်မှုထမ်းစရိတ်ဆိုပြီး ငွေကြေးကောက်ခံတာတွေလည်းရှိနေတာပါ။
တောင်ကြီးမြို့မှာတော့ ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေတုန်းကလည်း ငွေကြေးကောက်ခံမှုတွေရှိခဲ့သလို အပတ် စဉ်(၆)သင်တန်းတွေဖွင့်လှစ်နေတဲ့ လက်ရှိမှာလည်း စစ်မှုထမ်းစရိတ်ဆိုပြီး ငွေကြေးကောက်ခံမှုတွေ ထပ်လုပ်နေတာလို့ သိရပါတယ်။
“ညောင်ဖြူစခန်းရပ်ကွက် အုပ်ကြီးက PNOပါတီဝင်၊ လောလောဆယ်ကတော့ အိမ်တိုင်းတော့ မပေးနိုင်ကြသေးဘူး၊တတ်နိုင်သူတွေကတော့ပေးတာပေါ့၊ မတတ်နိုင်သူတွေက ခြိမ်းခြောက်ခံနေရတာ”လို့ တောင်ကြီးမြို့ခံတဦးက ဆိုပါတယ်။
တောင်ကြီးမြို့ပေါ်မှာ ရပ်ကွက်စုစုပေါင်း ၂၂ရပ်ကွက်ရှိပြီး စစ်မှုထမ်းစရိတ်ကောက်ခံရာမှာတော့ ရပ်ကွက်အလိုက် နှုန်းထားတွေမတူညီကြသလို ကောက်ခံချိန်တွေလည်း မတူညီဘဲ လက်ရှိငွေကြေးကောက်ခံမှုပြီးသွားတဲ့ ရပ်ကွက်တွေရှိသလို ညောင်ဖြူစခန်းရပ်ကွက်ကတော့ နှုန်းထားအများဆုံးဖြစ်နေတယ်လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ တချို့ကပြောပါတယ်။
“လုပ်စားဖို့ကောက်တာပေါ့၊ရပ်ကွက်တိုင်းကောက်တာမှမဟုတ်တာ အကုန်လုံးခက်ခဲနေကြတာကို အတင်းအဓမ္မကြီးလုပ်နေတာ”လို့ ဒေသခံတဦးက ဝေဖန်ပါတယ်။
လတ်တလော စစ်မှုထမ်းစရိတ်ဆိုပြီး အတင်းအဓမ္မငွေကြေးကောက်ခံနေတဲ့ ညောင်ဖြူစခန်းရပ်ကွက်ဟာ နယ် မြေ ၁၅ခု၊စုစုပေါင်းအိမ်ခြေတရာဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။