နိုဝင်ဘာ၊ ၁၁
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်အမ်းမြို့မှာ စစ်ကောင်စီရဲ့
Mi-17 ရဟတ်ယာဉ်တစ်စီးကို AAက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
မနေ့ကနိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းမှာ လက်နက်ခဲယမ်းတွေ လာရောက်ပို့ဆောင်ပြီး အပြန် AAကပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“မကွေးဖက်ကိုထိုးဆင်းသွားတယ်လို့တော့သိရတယ်” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ရခိုင်ပြည်နယ်အမ်းမြို့နဲ့ ရိုးမတဖက်ခြား မကွေးတိုင်းမင်းဘူးမြို့တို့က မိုင်တရာစွန်းစွန်းသာကွာဝေးတာလည်းဖြစ်ပါတယ်။
စစ်ရဟတ်ယာဥ်ပစ်ချခံရတာနဲ့ပတ်သတ်လို့ အသေးစိတ်အချက်လက်တွေကိုတော့ DNAအနေနဲ့ အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရဟတ်ယာဥ်နဲ့လေယာဥ်တွေကို အရင်ကလည်းတော်လှန်ရေးအင်အားစုတွေက ငါးကြိမ်ထက်မနည်း ပစ်ချနိုင်ခဲ့တာတွေရှိခဲ့ပြီး လေယာဥ်မှူးကိုဖမ်းဆီးနိုင်ခဲ့တာလည်းရှိခဲ့ဖူးတာဖြစ်ပါတယ်။
နပခအခြေစိုက် အမ်းမြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
နပခရဲ့ အဓိကကာကင်းစခန်းကြီးတွေဖြစ်ပြီး အင်အားအခိုင်အမာချထားတဲ့ တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာစခန်းနဲ့ နပခဝန်းကျင် တပ်စခန်းတချို့ကို AAက သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင်အမ်းမြို့ကို ကုန်းလမ်းအရဆက်သွယ်နိုင်တဲ့ အမ်း-မြေပုံ၊ အမ်း-တပ်တောင်၊ အမ်း- မအီစတဲ့လမ်းပိုင်းတွေအပြင် အမ်းနဲ့ မြို့တော်စစ်တွေကြားရှိ မြို့နယ်အားလုံးကိုလည်း AAကထိန်းချုပ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ နပခကို လက်မလွတ်ရဖို့ စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေရတာဖြစ်ပါတယ်။
နပခအခြေစိုက် အမ်းမြို့မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၃၇၃ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါဝင် တပ်ရင်း၊ တပ်ခွဲ တဆယ်ကျော် ရှိပါတယ်။
အမ်းမြို့နယ်တခုလုံးကို AAက ဝိုင်းပိတ်ဆို့ထားလို့ လေကြောင်းကလွဲရင် စစ်ကောင်စီဖက်က စစ်ကူပေးဖို့မလွယ်ဖူးလို့လည်းသုံးသပ်ထားကြပါတယ်။
“နပခတခုလုံးကတော့ လေကြောင်းကလွဲရင် စစ်ကူလာလို့မရတော့ဘူး၊ ရိုးမပေါ်မှာလည်း ကိုယ့်ဖက်(AA)ကရော၊ မဟာမိတ်တွေရော ရှိတယ်”လို့ အမ်းမြို့နယ်မှ သတင်းရင်းမြစ်တဦးကDNAကို ပြောထားပါတယ်။
နပခနကို AAသိမ်းပိုက်နိုင်ရင်တော့ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တခုကို ဒုတိယမြောက် လက်လွတ်ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)က ပြီးခဲ့တဲ့ သြဂုတ်လမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဖက်က တိုင်းစစ်ဌာနချုပ်တခုကို ပထမဆုံးဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။
AAအနေနဲ့ အမ်းမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့ ပြည်မဒေသ မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်မိသွားမှာဖြစ်ပြီး ရိုးမအရှေ့ခြမ်းကို ဦးတည်လာနိုင်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။
ရန်ကုန်-စစ်တွေ ကားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ နပခ အခြေစိုက်အမ်းမြို့ဟာ ပြည်မဒေသနဲ့ ကုန်းလမ်းအရဆက်သွယ်နိုင်တဲ့ အဓိကဝင်ပေါက်တခုလည်းဖြစ်ပါတယ်။