အောက်တိုဘာ၊ ၉
မန္တလေးမြို့က ကျောက်ဆစ်ပန်းပုဆရာ ကိုအောင်နိုင်လင်းဟာ မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာယုံကြည်သူတွေကို ကူညီလမ်းပြပေးရာမှာအထောက်အကူဖြစ်စေဖို့ ဗုဒ္ဓရုပ်ပွားတော်တွေ ထုလုပ်တဲ့ လုပ်ငန်းကို ဆယ်စုနှစ်ချီ လုပ်ကိုင်လာခဲ့ပေမယ့် ပြည်တွင်းစစ်အလယ်မှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ကျောက်တောင်တွေကနေ လိုအပ်တဲ့ စကျင်ကျောက်တွေကို ရယူဖို့က အခုအခါမှာ အန္တရာယ်ကြီးမားတဲ့ အလုပ်တခု ဖြစ်လာပါတယ်။
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံဟာ သွေးမြေကျရတဲ့ ပဋိပက္ခနွံထဲမှာ နစ်မြုပ်ခဲ့ပြီး ၁၀ နှစ်ကြာ ဒီမိုကရေစီအဖူးအပွင့်တွေလည်း ညှိးနွမ်းသွားတဲ့အပြင် ကျယ်ပြန့်တဲ့ လက်နက်ကိုင်အုံ့ကြွမှုတွေ နိုင်ငံတဝန်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။
မကြာသေးခင်လတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လူဦးရေ ၁ သန်းခွဲလောက် နေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ပေါ်အထိ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးနန်းတော်အဆောက်အအုံတွေ ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာမာန်နေအိမ်တွေရဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဆောင်တွေမှာ ပူဇော်ဖို့ ခေတ်အဆက်ဆက် စကျင်ကျောက်တွေ ထောက်ပံ့ပေးခဲ့တဲ့ တောင်စောင်းဧရိယာက ကျောက်တောင်တွေကိုလည်း သူပုန်တွေက သိမ်းပိုက်ထားပါတယ်။
အခုအခါမှာတော့ အဖိုးတန်ကျောက်တုံးတွေနဲ့ အကြမ်းထည်ရုပ်ပွားတော်တွေကို သူပုန်တွေ နယ်မြေကနေ စစ်အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေအထိ ပြည်တွင်းစစ်ဖြစ်နေတဲ့ တလျောက် ထရပ်ကားနဲ့ရွေ့ဖို့လမ်းကြောင်းဟာ ကုန်ကျစရိတ်များသလို ခက်ခဲပြီး အန္တရာယ်များပါတယ်။
“မတ္တရာမြို့နယ်တဝိုက်က (စကျင်ကျောက်ကျင်းတွေရှိတဲ့နေရာ) က အခြေအနေ သိပ်မကောင်းဘူး” လို့ ဆူညံ့နေတဲ့ မန္တလေးမြို့ က သူ့ရဲ့ကျောက်ဆစ်အလုပ်ရုံမှာ မျက်နှာနဲ့ ဆံပင်တွေမှာ အဖြူရောင်ကျောက်အမှုန်တွေပေနေတဲ့ အောင်နိုင်လင်းက AFP ကိုပြောပါတယ်။
“အဲဒီနေရာကို သွားဖို့လည်း မလွယ်သလို၊ ကျနော်တို့ ကျောက်တုံးတွေကို သယ်လာဖို့ဆိုတာလည်း မလွယ်တော့ဘူး”
မျက်လုံးတော်၊ နားတော်တွေနဲ့ နှုတ်ခမ်းတော်တွေမှာ ထုဆစ်ဖို့ ကျန်နေသေးတဲ့ ဒါဇင်ချီ ဗုဒ္ဓရုပ်ပွားတော်တွေ ဝန်းရံထားတဲ့ ကြားမှာရှိနေတဲ့ ကိုမင်းမင်းစိုးကလည်း ဒီအခြေအနေကို အတည်ပြုပါတယ်။
“ရောင်းအားက သိပ်မဆိုးပါဘူး၊ ဒါပေမယ့် စိန်ခေါ်မှုကတော့ ရုပ်ပွားတော်တွေကို ဒီကို သယ်လာဖို့ပါပဲ” လို့ သူကပြောပါတယ်။
“ဒီမှာရှိနေတဲ့ ရုပ်ပွားတော်တွေကို ရောင်းတာပဲလုပ်နိုင်ပြီး အကြမ်းထည်အသစ်တွေကို မသယ်နိုင်သေးဘူး”
သူပုန်တွေထိန်းချုပ်ထားတဲ့ မတ္တရာကနေ စကျင်ကျောက်တွေကို သင်္ဘောနဲ့ သယ်လာတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တဦး မကြာသေးမီက ဖမ်းဆီးခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ တခြားကျောက်ဆစ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“သူတို့ကို နယ်မြေခံ စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထိန်းသိမ်းထားပြီး PDF တွေထိန်းချုပ်ထားတဲ့ ဒေသက ရွာထဲကနေ ကျောက်တွေကို ဘယ်လိုသယ်ယူလာသလဲဆိုတာ မေးမြန်းတယ်” လို့ သူက ပြောပါတယ်။
“ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ” ဟာ မိမိတို့အသက်ကို စွန့်ပြီး လက်နက်ကိုင်ကာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ ကျောင်းသားဟောင်းတွေ လယ်သမားတွေ ၊ အလုပ်သမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ ဒါဇင်နဲ့ချီတဲ့ PDF အဖွဲ့တွေရှိနေပြီး သူတို့တွေဟာ စစ်အစိုးရကို ကြီးမားတဲ့ မတိုးသာမဆုတ်သာ စစ်ရေးအခြေအနေအထိ တရွတ်တိုက်ဆွဲခေါ်ခဲ့ပါတယ်။
စစ်အစိုးရက PDF တွေကို “အကြမ်းဖက်သမားများ”အဖြစ် သတ်မှတ်ထားပြီး သူတို့နဲ့ ဆက်သွယ်ပါက နှစ်ချီထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
“နောက်ပိုင်းမှာတော့ စစ်တပ်က ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးပြီး ကျောက်တုံးတွေကိုလည်း ပြန်ပေးခဲ့ပါတယ်” လို့ ကျောက်ဆစ်လုပ်ငန်းပိုင်ရှင်က ပြောပါတယ်။
“ဒါက အားလုံးကို သတိပေးသလိုပါပဲ။ ဒီလိုအခြေအနေမှာ ရွာထဲက ကျောက်တုံးတွေကို မသယ်ရဲဘူး”
မတ္တရာကျောက်ကျင်းများ
မတ္တရာကျောက်ကျင်းတွေဟာ မြန်မာ့သမိုင်းမှာ ယဉ်ကျေးမှု ၊ ဘာသာရေးတို့နဲ့ ရောယှက်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။
၁၈၆၀ ပြည့်နှစ်တွေက အင်္ဂလိပ်တွေနဲ့ စစ်မက်နှစ်ကြိမ်ဖြစ်ပွားပြီးနောက်မှာ မင်းတုန်းမင်းတရားကြီးက ထန်းရွက်လက်ရေးစာမူပေါ်က ဗုဒ္ဓစာပေကျမ်းဂန်တွေကို ထပ်မံမပျက်စီးစေဖို့အတွက် စကျင်ကျောက်တုံး ၇၂၀ပေါ်မှာ ရေးထိုးထားဖို့ မန္တလေးမှာရှိတဲ့ လက်မှုပညာသည်တွေကို တာဝန်ပေးအပ်ခဲ့ပါတယ်။
စကျင်ကျောက်တွေဟာ ၁၉၄၈ ခုနှစ် အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ်နဲ့လည်း သမိုင်းကြောင်းများစွာ ထင်ဟပ်နေပါတယ်။
မတ္တရာထွက် စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ စုစုပေါင်း အမြင့် ၂၅မီတာ (၈၂ ပေ)ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တဆူကိုလည်း မြို့တော်နေပြည်တော်မှာ ဆောက်လုပ်ပူဇော်ဖို့ စစ်တပ်က ၂၀၂၀ခုနှစ်မှာ ခွင့်ပြုခဲ့ပါတယ်။
စစ်အစိုးရအကြီးအကဲ မင်းအောင်လှိုင်က အဆိုပါဗုဒ္ဓရုပ်ပွားတော် ထုဆစ်ပြီးစီးကြောင်း မနှစ်က ကြေညာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သီးခြားဖြစ်နေတဲ့ စစ်အစိုးရဆီ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားကိုယ်စားလှယ် အဖွဲ့အစည်းတချို့ရဲ့ ခရီးစဉ်တွေထဲမှာ အခြေခံအမှတ်လက္ခဏာအဖြစ် အဆိုပါ ရုပ်ပွားတော်ဆီကို သွားရောက်လည်ပတ်တဲ့ အစီအစဉ် ပါဝင်လာခဲ့ပါတယ်။
‘သက်ရှိ ဘုရားများ’
ကိုမင်းမင်းစိုးနဲ့ တခြားကျောက်ဆစ်ပန်းပုဆရာတွေက အကြမ်းထည် ထုဆစ်ထားတဲ ရုပ်ပွားတော် ဒါဇင်ချီကို အချောထည်ပြုလုပ်ဖို့ လုပ်ဆောင်နေကြချိန် မန္တလေးမြို့မြောက်ဘက်မှာ တိုက်ပွဲတွေလည်း
ယခင်ဘိုးဘေးတွေခတ်မှာ ဆောက်တွေကိုအသုံးပြု ထုဆစ်ခဲ့ကြပေမယ့် ဒီကနေ့ခေတ်မှာတော့ လက်မှုပညာရှင်တွေဟာ ဗုဒ္ဓရဲ့မျက်နှာတော်၊ ဝတ်ရုံတော်၊ လက်သည်းခွံတော်တွေနဲ့ ကြာပန်းပုံ ပလ္လင်တော်တွေကို ထွင်းဖို့ လွန်ပူတွေကို အသုံးပြုလာကြပါတယ်။
အစွန်းပိုင်းကြမ်းနေတဲ့နေရာတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ပင်ပန်းကြီးစွာ လုပ်ဆောင်ရတဲ့ နောက်ဆုံးအဆင့်ကိုတော့ ကော်ဖတ်တွေအသုံးပြုပြီး အမျိုးသမီးတွေ လုပ်ဆောင်ကြတယ်လို့ ကိုမင်းမင်းစိုးက ဆိုပါတယ်။
“အမျိုးသမီးတွေက ပိုစိတ်ရှည်တော့ ဒီအလုပ်နဲ့ပိုကိုက်တယ်” လို့ သူက ဆိုပါတယ်။
အမြင့် ၂၅ စင်တီမီတာ (၁၀ လက်မ) ပတ်လည် အချောထည် ဗုဒ္ဓရုပ်ပွားတော် တဆူကို မြန်မာကျပ်ငွေ တသိန်းကနေ နှစ်သိန်းကြား (တရားဝင် ငွေလဲနှုန်းအရ ဒေါ်လာ ၅၀ မှ ၁၀၀ ကြား) ဈေးရှိတယ်လို့ သူက ပြောပါတယ်။
လူစည်ကားတဲ့ လမ်းမပေါ်က ကျောက်ဆစ်အလုပ်ရုံတစ်ခုရဲ့ အပြင်ဘက်မှာ အလုပ်သမားတွေဟာ ဖောက်သည်တဦးဆီကို မပို့မီ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို သစ်သားဘောင်တွေနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်ထဲကို ထည့်ပြီး ထုတ်ပိုးနေပါတယ်။
မန္တလေးမှာ တိုက်ပွဲတွေဖြစ်တော့မယ်ဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေပေမယ့် မရောင်းရသေးတဲ့ ဒါဇင်နဲ့ချီတဲ့ သူ့ရဲ့ဖန်တီးမှုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရဦးမယ်ဆိုတဲ့အသိက သူ့ရဲ့စိတ်ကို အေးချမ်းမှုရစေတယ်လို့ ကိုမင်းမင်းစိုးက ပြောပါတယ်။
အဆိုပါ ရုပ်ပွားတော်တွေကို “သက်ရှိဘုရားများ” လို့ မှတ်ယူထားပြီး “နေ့တိုင်း မနက်လေးနာရီမှာ ရုပ်ပွားတော်တွေကို သန့်ရှင်းရေးလုပ်ပါတယ်။ ဒါက ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝပေါ့”လို့ ကိုမင်းမင်းစိုးက ပြောပါတယ်။
“ရုပ်ပွားတော်တွေကို သန့်ရှင်းနေစေချင်တယ်၊ ရောင်းရတာ၊ မရောင်းရတာထက် ရုပ်ပွားတော်တွေ သပ္ပာယ်နေအောင်ပါ။”
(AFP သတင်းဌာနက ရေးသားထုတ်ဝေသည့် “The marble ‘living Buddhas’ trapped by Myanmar’s civil war” ကို DNA က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)