မြောင်းမြအကျဥ်းထောင်မှာ နိုင်/ကျဥ်းတဦးကို လုပ်ကြံဖို့ ကြိုးပမ်း

Photo – Social Media (ပုံဟောင်း)

နိုဝင်ဘာ၊ ၃

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုရဲရင့်အောင်ကို တခြားရာဇဝတ်အကျဥ်းသားတဦးကလုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ဆီကနေ သိရပါတယ်။

ရာဇဝတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့ ကိုလင်းလင်းဆိုသူက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅ နာရီလောက်မှာ အသင့်ယူဆောင်လာတဲ့ သံချွန်နဲ့ ကိုရဲရင့်အောင်ကို ထိုးသတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အချိန်မီ ရှောင်တိမ်းနိုင်ခဲ့လို့ သံချွန်နဲ့တော့ အထိုးမခံခဲ့ရဘူးလို့ သိရပါတယ်။

“အဆောင် တိုက်ထဲမှာပဲ၊ တိုက်ထဲမှာ စကားပြောနေတဲ့အချိန်ဖြစ်တာ၊ ရည်ရွယ်တာကတော့ သံချွန်ဟာ လူတယောက်ကို သတ်ဖို့အထိတောင်မှ ဖြစ်စေပါတယ်” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

အဲဒီနောက်မှာတော့ လုံးထွေးသတ်ပုတ်ကြပြီး ရာဇဝတ်အကျဉ်းသား ကိုလင်းလင်းက ကွပ်ပျစ်ကြမ်းခင်းကနေ ပြုတ်နေတဲ့ သစ်သားချောင်းနဲ့ ရိုက်နှက်တဲ့အတွက် ကိုရဲရင့်အောင် ခေါင်းကွဲဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သစ်သားချောင်းနဲ့ ရိုက်ခံရတဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ဦးခေါင်း ခြောက်ချက်ချုပ်ခဲ့ရတယ်” လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ကိုရဲရင့်အောင်ဟာ ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်းနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတာလို့လည်း သိရပါတယ်။

အခုလို လုပ်ကြံဖို့ကြိုးပမ်းတဲ့ ကိုလင်းလင်းနဲ့ ကိုရဲရင့်အောင်တို့ကြား ဘာရန်ငြိုးရန်စမှမရှိသလို ခိုက်ရန်ဖြစ်ပွားတာလည်း တခါမှမရှိခဲ့ဖူးဘဲ လုပ်ကြံဖို့ကြိုးပမ်းခဲ့တာလို့လည်း ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ကိုရဲရင့်အောင်နဲ့ နောက်ထပ် နိုင်ငံရေးအကျဥ်းသားတဦးဖြစ်တဲ့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးတို့ နှစ်ဦးကို ရိုက်နှက်ဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ဆိုကာ ထောင်ဒုတာဝန်ခံ ဦးတင့်ဆွေက ကိုလင်းလင်းကို စေခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်းPPNMကထုတ်ပြန်ထားပါတယ်။

“သူတို့ကို တီဘီသမားတွေနဲ့ အတူရောထားတာဖြစ်တဲ့အတွက် နေရာပြောင်းရွှေ့ပေးဖို့ တင်ပြမှုရှိခဲ့တယ်၊ ဒီအပေါ်မှာ ထောင်အာဏာပိုင်တွေက ကျေလည်မှုမဖြစ်ဘဲနဲ့ သူတို့ကို အလုပ်ရှုပ်အောင်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုလင်းလင်းကို ခိုင်းခဲ့တာ၊ အကြောက်တရားရိုက်သွင်းဖို့ ညွှန်ကြားခဲ့တာကို သိရှိထားပါတယ်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အခုလို အခင်းဖြစ်ပြီးနောက်မှာတော့ ကိုရဲရင့်အောင်ကို အဆောင်ပြောင်းရွှေ့ပေးခဲ့ပေမယ့် ဒေါက်တာပြည့်ဖြိုးကိုတော့ တီဘီရောဂါရှိတဲ့ အကျဥ်းသားတွေကိုထားတဲ့ အရင်အခန်းမှာပဲ ဆက်ထားထားသေးတယ်လို့ သိရပါတယ်။

ဒေါက်တာပြည့်ဖြိုးကို အခုလို တီဘီရောဂါရှိတဲ့သူတွေနဲ့ အတူတူ ဆက်ထားထားလို့ ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေရတယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ရိုက်နှက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ ကိုရဲရင့်အောင်ကိုတော့ ထောင်အာဏာပိုင်တွေက ဆေးဝါးကုသပေးမှု ထိထိရောက်ရောက်မလုပ်ပေးဘဲ ပြစ်မှုကျူးလွန်တဲ့ ကိုလင်းလင်းကိုလည်း ထိရောက်တဲ့အရေးယူမှုမလုပ်ဘူးလို့ PPNM က ထုတ်ပြန်ထားပါတယ်။

“ထောင်ထဲမှာ လူသတ်မှုဖြစ်ရင် ပြင်ပမှာ လူသတ်တာလောက် ပြစ်မများပါဘူး၊ ဒါကြောင့် ထောင်ထဲမှာ သေဒဏ်သမားတွေက ထပ်ပြီးလူသတ်ရမှာကို ဂရုမစိုက်ဘဲနဲ့ နေကြတယ်၊ ဒါက အင်မတန် စိုးရိမ်ဖို့ကောင်းတယ်၊ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေ အသက်ရှင်သန်ဖို့ အာမခံမှုမရှိဘူးဆိုတာကိုလည်း ပေါ်လွင်စေတယ်” လို့လည်း ကိုသိုက်ထွန်းဦးက DNA ကို ဆက်ပြောပါတယ်။

မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးကျဉ်းသား ၂၅၀ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လတွင်းကလည်း ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်အကျဥ်းသားတွေ ပူးပေါင်းပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝှမ်းအကျဥ်းထောင်တွေမှာ နိုင်/ကျဥ်းတွေအတွက် လုံလောက်တဲ့ဆေးဝါးကုသမှုမရအောင် အာဏာပိုင်တွေက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ နိုင်/ကျဥ်းအရေး ဆောင်ရွက်နေသူတွေက ပြောထားပြီး အဲလို အခြေအနေတွေကြောင့် သေဆုံးရတဲ့ နိုင်/ကျဥ်းဦးရေလည်း အခုနှစ် ဆယ်လတာအတွင်းမှာပဲ ၁၈ ဦးရှိပြီလို့ PPNM ရဲ့ စာရင်းတွေအရ သိရပါတယ်။