အောက်တိုဘာ ၃၀
AAထိုးစစ်ဆင်နေတဲ့အမ်းမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေ အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
မနေ့ကအောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာ လေကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်ကွင်းရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်စတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့တာလို့သတင်းရင်းမြစ်တဦးကပြောပါတယ်။
“ကလေးတွေရောအမျိုးသမီးတွေရောသေတယ် ဒဏ်ရာရသူတွေလည်းဆေးကုဖို့အခက်အခဲရှိနေတယ်ကြားတယ်၊ ဖုန်းလိုင်းမကောင်းလို့ အဲဒီလောက်ပဲသိရသေးပါတယ်” လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။
ထိခိုက်သေဆုံးမူနဲ့ပတ်သတ်လို့ အသေးစိတ်အခြေအနေတွေကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် DNAအနေနဲ့အတည်မပြုနိုင်သေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် အမ်းမြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
လတ်တလော မြေပြင်သတင်းတွေအရလည်း နပခဝန်းကျင် တပ်စခန်းတချို့ကို AAက သိမ်းပိုက်ထားပြီလို့ သိရပေမယ့် AAကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါပေမယ့်လည်း နပခရဲ့ အဓိကကာကင်းစခန်းကြီးတွေဖြစ်ပြီး အင်အားအခိုင်အမာချထားတဲ့ တောဟိန်းတောင်နဲ့ မဲတောင်ဗျူဟာစခန်းတွေကိုတော့ ပြီးခဲ့တဲ့လတွေအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး AAကတရားဝင်ထုတ်ပြန်အသိပေးထားပါတယ်။
ဒီကနေ့အောက်တိုဘာလ ၃၀ရက်မှာလည်း အမ်းမြို့မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေရှိနေတယ်လို့ ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကDNAကိုပြောပါတယ်။
တကျော့ပြန်ရခိုင်တိုက်ပွဲစခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။