အောက်တိုဘာ၊ ၃၀
တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားရှိရာ အချုပ်ဆောင်တခုကို စစ်ကောင်စီက သုံးရက်အတွင်း နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း ၁၆ဦးအထိ ရှိလာတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF ကပြောပါတယ်။
ဘယ်ဒေသမှာရှိနေတယ်ဆိုတာ ဖော်ပြမထားတဲ့ MDY-PDF ရဲ့ အချုပ်ဆောင်တခုဟာ အောက်တိုဘာ ၂၈ရက် ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဗုံးထိမှန်ကာ သုံ့ပန်းရှစ်ဦး၊ဖမ်းဆီးစစ်ဆေးနေသူ လေးဦး သေဆုံးကာ ခြောက်ဆယ်ဝန်းကျင်အထိ ဒဏ်ရာရခဲ့တယ်လို့ MDY-PDF က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီလို ထုတ်ပြန်ပြီးနောက် ဒီကနေ့ မနက်အစောပိုင်း တနာရီလောက်ကလည်း သုံ့ပန်းတွေကိုထိန်းသိမ်းထားတဲ့ အချုပ်ဆောင် ထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဗိုလ်မှူးတဦးအပါအဝင် လေးဦးသေဆုံး ကာ တဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
MDY-PDF က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဒီကနေ့မနက်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ တွေထဲက ဗိုလ်မှူးအပါအဝင် နှစ်ဦးဟာ စဉ့်ကူးအခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ-၂)က ဖြစ်ပြီး မိတ္ထီလာအခြေစိုက် အမြောက်တပ် အမတ ၃၁၉က တပ်ကြပ်ကြီးတဦး၊ပျူစောထီး တဦးတို့ပါဝင်တယ်လို့ သိရပါ တယ်။
စစ်ကောင်စီ စခတ ၂ တပ်စခန်းအပါအဝင် စဉ့်ကူးမြို့နယ် တခုလုံးကို MDY-PDF နဲ့ပူးပေါင်းတပ်တွေက ဇူလိုင်လ ကတည်းက အပြီးသတ် သိမ်းပိုက်ထားကာ လက်ရှိအထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်အကြာ အောက်တိုဘာ ၂၈ ရက် ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ သုံ့ပန်း ရှစ်ဦးထဲမှာတော့ ဗိုလ်ကြီးတဦးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ပျူစောထီးနှစ်ဦးတို့ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်သုံ့ပန်းရှစ်ဦးထဲမှာတော့ ရှမ်း-မန်း စစ်ဆင်ရေးကာလအစောပိုင်းမှာပဲ MDY-PDF နဲ့ပူးပေါင်းတပ်တွေ သိမ်း ယူနိုင်ခဲ့တဲ့ မတ္တရာအခြေစိုက် အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက တပ်ကြပ်ကြီးစာရေး တ ဦး၊တိုက်ကြီးအခြေစိုက် ခမရ ၇၀၈က ဒုတပ်ကြပ်ကနေ တပ်ကြပ်အဆင့်အထိရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပါဝင်ပါတယ်။
MDY-PDF ရဲ့ လတ်တလောထုတ်ပြန်ချက်တွေအရ သုံးရက်အတွင်း စစ်ကောင်စီက MDY-PDF ရဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရာ အချုပ်ဆောင်တွေကိုဗုံးကြဲတိုက်ခိုက်တာကြောင့် ဗိုလ်မှူး၊ဗိုလ်ကြီးစတဲ့ အရာရှိ နှစ်ဦးအပါအဝင် သုံ့ပန်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး၊ပျူစောထီးသုံးဦးနဲ့ MDY-PDF ကဖမ်းဆီးစစ်ဆေးနေသူ လေးဦး သေဆုံးကာ ဒဏ်ရာရသူဆယ်နဲ့ချီရှိနေတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့စစ်ဆင်ရေးတွေအတွင်း ဖမ်းမိတဲ့စစ်သုံပန်းတွေကို သုံပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိပေမယ့်စစ်ကောင်စီကတော့ သူတို့ရဲ့တပ်ဖွဲဝင်ဟောင်းတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာလို့လည်း MDY-PDF က စွပ်စွဲထားပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလည်း MDY-PDF က ဆေးကုသမှုတွေလုပ်ပေးနေ တယ် လို့ ဆိုပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ အပါအဝင် လားရှိုးမြို့နဲ့ မန္တလေးတိုင်းအတွင်း ဒေသတချို့ ကိုပါ လက်လွှတ် ခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းထိုးစစ်တွေနဲ့ကြုံရပြီးနောက် စစ်ကောင်စီက နိုင်ငံတဝန်းလေကြောင်း တိုက် ခိုက်မှုတွေဆက်တိုက်လုပ်နေတာပါ။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ရခိုင်ပြည်နယ်တိုက်ပွဲတွေကနေ ဖမ်းမိ၊ထိန်းသိမ်းထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံ့ပန်းတွေကို ထိန်းသိမ်းထားရာနေရာတွေ ဗုံးကြဲခံရလို့ စစ်သုံ့ပန်းတွေ သေဆုံး၊ထိခိုက်မှုရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ကလည်း ထုတ်ပြန်ထားတာရှိပါတယ်။