အောက်တိုဘာ၊ ၂၇
အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော် BPLA တပ်ဖွဲ့ ကွပ်ကွဲရေးမှူး မောင်ဆောင်းခက ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်တဲ့ မနေ့က လူမှုကွန်ရက် ကနေ ထုတ်ဖော်ပြောဆိုအသိပေးပါတယ်။
ဒီသတင်းစကားဟာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကလွဲလို့ ရှမ်းမြောက်တိုက်ပွဲတွေ တုံ့ဆိုင်းလာချိန်၊ ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်ချိန်မှာ ဆက်စပ်စဉ်းစားဖွယ်ရာတွေ တပုံတပင်ကပ်ပါလာတဲ့ သတင်းစကားတခု လည်းဖြစ်လာပါတယ်။
“BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်….။ အညာလူထု ကလည်း ကျနော်တို့ကိုကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”လို့ မောင်ဆောင်းခက ဆိုပါတယ်။
အညာဒေသ ဘယ်မြို့နယ်တွေမှာ စတင်အခြေချစစ်ရေးလှုပ်ရှားမယ်ဆိုတာကိုတော့ မောင်ဆောင်းခက ထုတ် ဖော် ပြောဆိုတာမရှိသေးပါဘူး။
လက်ရှိအာဏာသိမ်းကာလအတွင်းမှာမှ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ BPLA ဟာရှမ်း မြောက်၁၀၂၇ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ရင်း ပိုထင်ရှားလာပေမယ့် ဒီမတိုင်ခင်ကတော့ နိုင်ငံတောင်ပိုင်း ဒေသ KNU နယ်မြေတွေမှာအခြေစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ BPLA တပ်ဖွဲ့ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ဝင် အာရက္ခတပ်တော် AA နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံ ရေး ထူထောင်ထားနိုင်ပြီး BPLA စတင်ထူထောင်ချိန်မှာ AA ဘက်က အကူအညီတွေပေးခဲ့တာလို့ BPLA တာဝန်ရှိသူ တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေမှာတော့ BPLA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ စစ်ဆင်ရေးဒုတိယပိုင်း လား ရှိုးမြို့သိမ်းတိုက်ပွဲတွေအထိ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
NLD လူငယ်ပါတီဝင်ဟောင်း၊ကဗျာဆရာနဲ့ တက်ကြွလှုပ်ရှားသူလူငယ်တဦးဖြစ်တဲ့ မောင်ဆောင်းခ ဦးဆောင် တဲ့ BPLA တပ်ဖွဲ့ အပြင် အညာဒေသမှာ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA လို ဗမာနာမည်ခံ တော်လှန်ရေးတပ်ဖွဲ့လည်းရှိနေပါတယ်။
ဒါပေမယ့် ပုလဲနယ် အခြေစိုက် BNRA တပ်ဖွဲ့ဟာ NUG နဲ့ ဆက်ဆံရေးအဆင်မပြေသလို လတ်တလောမှာ လည်း NUG လက်အောက်ခံ PDF တပ်ရင်းတခုက BNRA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှု တွေရှိနေပါတယ်။
အညာဒေသဟာ PDFတပ်ရင်း၊ပကဖ၊ပအဖ၊ပလဖ စတဲ့ NUG လက်အောက်ခံ အင်အားအများစုအခြေပြုရာ ဒေသ ဖြစ်သလို NUG လက်အောက်ခံအင်အားစုတွေနဲ့ သီးခြားတော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှု တွေ မကြာ မကြာ ပေါ်ပေါက်တတ်ရာဒေသလည်းဖြစ်တယ်။
BPLA ကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ၂၀၂၂ခုနှစ် အောက်တို ဘာကတည်းက နှစ်ဖက် တွေ့ဆုံဆွေးနွေး ထုတ်ပြန်ထားတာရှိပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ BPLA ဘက်က မောင်ဆောင်းခတို့ ဦးဆောင်တဲ့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေး မှုတွေအတွင်း စစ်ရေးအပြင် နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊အသိအမှတ်ပြုမှုတွေကို အတူ တကွ လက်တွဲ ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီသဘောတူညီချက်တွေဟာ လက်ရှိအချိန်အထိ ဆက်လက်တည်ရှိနေဆဲပဲလို့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ က DNAကိုပြောပါတယ်။
ဒါကြောင့် BPLA တပ်ဖွဲ့ အညာဒေသမှာ အခြေချတဲ့အခါ မူလရှိနေနှင့်ပြီးသားပွတ်တိုက်မှုတွေထဲ စီးမျော မသွား ဖို့၊ ပွတ်တိုက်မှုတွေ ပြေလျော့သွားစေနိုင်တဲ့ ကြားခံအင်အားစုတခုဖြစ်လာဖို့ နွေဦးတော်လှန်ရေး ထောက်ခံသူ တချို့ က မျှော်လင့်ကြပါတယ်။
BPLA တပ်ဖွဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကတော့ “စစ်အုပ်စုကို တိုက်ထုတ်တဲ့သူမှန်သမျှကို မိတ်ဖက်လိုပဲ သဘော ထားပါတယ်”လို့ ဆိုပါတယ်။
လက်ရှိ နိုင်ငံတဝန်းစစ်ရေး အခြေအနေတွေကို လေ့လာကြည့်ရင် ရှမ်းမြောက်ဒေသတခုလုံးနီးပါးဟာ စစ် ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကလွဲလို့ MNDAA နဲ့ TNLA မဟာမိတ်တပ်တွေ သိမ်းပိုက်ထိန်းချုပ် ထားနိုင်တဲ့ အခြေ အနေပါ။
တရုတ်ဖိအားကြောင့် တော်လှန်ရေးအင်အားစုတွေ အခက်တွေ့နေရတာတော့ရှိနေပါတယ်။
တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်း-မန်းစစ်ဆင်ရေး ခေါင်းစဉ်နဲ့ မန္တလေးတိုင်း ထဲအထိ ရောက်လာတာသလို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က MDY-PDF ဟာလည်း မြို့သိမ်း နိုင် ရုံမက၊ထိန်းထားနိုင်တဲ့အင်အားပါရှိနေကြောင်းပြသထားနိုင်ပါတယ်။
မန္တလေးမြို့ အနီးတဝိုက်အထိ စစ်ရေးလှုပ်ရှားမှုတွေ အားကောင်းနေပြီး မန္တလေးမြို့နဲ့ မိုင်အနည်းအကွာမှာတင် မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေ မကြာမကြာ ပေါ်ပေါက်လာပါတယ်။အညာဒေသရဲ့ အနောက်ဖက် ထွက်ပေါက် ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA ကလည်း ပြည်နယ်တွင်း ဒေသအများစုကိုသိမ်းပိုက်စိုးမိုးလာပါ တယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ အထက်ဘက် ကချင်ပြည်နယ်က KIA တပ်ဖွဲ့ကတော့ သူ့ဒေသ အတွင်း ထိုးစစ် တွေနဲ့တချိန်တည်းမှာပဲ မန္တလေးး-စစ်ကိုင်းအစပ် အညာဒေသတွေအထိစိုးမိုးနယ်မြေ တွေချဲ့ထွင် ထားနိုင်သလို အညာဒေသတော်လှန်ရေးအင်အားစုတွေကိုလည်း ဦးဆောင်ထိန်းညှိပေးနေတာပါ။
လက်ရှိအညာမှာ အခြေချတော့မယ်လို့ BPLA ကထုတ်ပြောလာသလိုမျိုး ရှမ်းမြောက်တိုက်ပွဲတွေအပြီးမှာ NUG လက်အောက်ခံPDF တပ်ရင်းတွေရော၊ သီးခြား တပ်ဖွဲ့တွေထဲက တပ်ဖွဲ့ဝင်တွေပါ အညာကိုတဖွဲဖွဲပြန်လာနေ ကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှပြန်လည် စုစည်းပေါ်ပေါက်လာပေမယ့် အညာဒေသမှာခြေကုပ်ယူထားနိုင်ကာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိ ရှမ်း-မန်း စစ်ဆင်ရေးအထိ ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့လွတ် မြောက်ရေးတပ်မတော်-PLA ဟာအဲ့ဒီလို တပ်ဖွဲ့တွေထဲက တခုပါ။
၁၀၂၇စစ်ဆင်ရေး နှစ်ပိုင်းလုံးက မြို့သိမ်းတိုက်ပွဲတွေမှာပါဝင်ခဲ့တဲ့ သူတို့ရဲဘော်တွေက အညာဒေသတနေရာက ဒေသခံတွေကြိုဆိုခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းဓာတ်ပုံတွေကို PLAကအခုလ ၂၁ရက်ကမှ ထုတ်ပြန်ထားပါ သေး တယ်။
၂၀၂၁အာဏာသိမ်းမှုမတိုင်ခင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအဖြစ်ရှိခဲ့တဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ 96-Soldiers PDF နဲ့ ဝါရင့် ကျောင်းသားတပ်မတော် ABSDF တို့လို တပ်ဖွဲ့တွေဟာလည်း အညာဒေသက မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေကြပါတယ်။
တော်လှန်ရေးကာလ လေးနှစ်နီးလာချိန်အထိ မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသမှာ အာဏာသိမ်းစစ်တပ်က စစ် ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေ ကျူးလွန်နိုင်ဆဲပဲ ဆိုရင်တောင် တော်လှန်ရေးတပ်တွေရဲ့ လူသူ၊လက်နက် အင်အားနဲ့ စစ်ရေးအတွေ့အကြုံတိုးတက်လာမှုတွေကလည်း မငြင်းနိုင်တဲ့အမှန်တရားပါ။
“ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုး တက်ဖြစ်ထွန်းခဲ့တယ်”လို့ BPLA တပ်ဖွဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက မှတ်ချက်ပြုပါတယ်။
အဲ့ဒီတိုးတက်ဖြစ်ထွန်းမှုတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဆီ တိုးဝင်စုရုံးလာနေကြပါပြီ။လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စစ်ကောင်စီကြွေးကြော်ချက်ကို စစ်ရေးအရပယ်ဖျက်နိုင်ဖို့ဆိုရင်လည်း လက်ရှိထက် ထိရောက်တဲ့ တော်လှန်ရေးထိုးစစ်တွေကို လိုအပ်မှာပါ။
အခုနှစ်ကုန် လာမယ့်နှစ်ဆန်းကာလတွေအတွင်း အညာရပ်ဝန်းမှာ ပိုမိုပြင်းထန်တဲ့ စစ်ပွဲတွေကို ကြုံလာရနိုင်မ လား စောင့်ကြည့်ကြရမှာပါ။
အညာရင်ခွင်ထဲ ခိုဝင်လာတဲ့ တော်လှန်တပ်ဖွဲ့တွေအနေနဲ့ အရင်ကထက်ပိုပြီးသာလွန်တဲ့ လူသူလက်နက်အင် အား၊စစ်နည်းပရိယာယ်အတွေ့အကြုံတွေကိုလည်းတဖြည်းဖြည်း တိုးတက်ရရှိနေပါတယ်။
အဲ့ဒီအားသာချက်တွေကို တညီတညွတ်တည်း စုစည်းတည်ဆောက်နိုင်မှုကသာ အဖြေဖြစ်ပါလိမ့်မယ်။