အောက်တိုဘာ ၊ ၂၆
ရုရှားမှာ မြောက်ကိုရီးယားတပ်သားတွေ ရောက်ရှိနေတာ အပါအဝင် အဆိုပါတပ်သားတွေဟာ ရုရှားနဲ့အတူ ယူကရိန်းကို ကျူးကျော်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်မလားဆိုတာကို အလေးအနက် စောင့်ကြည့်နေတယ်လို့ ဂျပန်အစိုးရက အောက်တိုဘာ ၂၅ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားအကြား မကြာသေးခင်က စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ယူကရိန်းမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာအောင် ဖိတ်ခေါ်နေတာသာမကဘူး ဂျပန်ဝန်းကျင်အနီးဒေသ လုံခြုံရေးကို ရိုက်ခတ်နိုင်တဲ့ ရှုထောင့်အရလည်း အင်မတန် စိုးရိမ်တယ်လို့ ဝန်ကြီးအဖွဲ့ အတွင်းရေးမှူးချုပ် Yoshimasa Hayashi က ပြောကြားခဲ့ပါတယ်။
လုံခြုံရေးကောင်စီဖြေရှင်းချက်တွေနဲ့ ယူကရိန်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ ဂျပန်အနေနဲ့ နိုင်ငံတကာနဲ့အတူ လက်တွဲလုပ်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေး အေဂျင်စီ ပြောကြားချက်အရ မြောက်ကိုရီးယားတပ်သား ၃၀၀၀ ဝန်းကျင်ဟာ ရုရှားမှာ လေကျင့်ရေးဆင်းနေပြီး မကြာခင်မှာ သူတို့ကို ယူကရိန်းကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို စေလွှတ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သတ်လို့ နေတိုးအဖွဲ့နဲ့ အမေရိကန်ကလည်း အတည်ပြုခဲ့ပြီး တကယ်လို့ မြောက်ကိုရီးယားတပ်သားတွေ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့မယ်ဆိုရင် ရုရှား – ယူကရိန်းစစ်ပွဲကို ပိုမိုပြင်းထန်လာစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။
ရုရှားရဲ့ Kursk နယ်စပ် တိုက်ပွဲဇုန်မှာ မြောက်ကိုရီးယားတပ်သားတွေ ရောက်ရှိနေတယ်လို့ ယူကရိန်းက အောက်တိုဘာ ၂၄ရက်နေ့မှာ ပြောခဲ့ပါတယ်။ အဆိုပါ ဒေသမှာ မော်စကိုတပ်တွေဟာ ယူကရိန်းတပ်တွေကို တိုက်ထုတ်ဖို့ လပေါင်းများစွာ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ ကာကွယ်ရေးဆိုင်ရာသဘောတူညီချက် ချုပ်ဆိုထားတဲ့ မြောက်ကိုရီးယားဟာ မော်စကိုကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပြီး ဖြစ်ပေမယ့် တပ်သားတွေ မြေပြင်စေလွှတ်တာကတော့ ပဋိပက္ခတင်းမာမှု အခြေအနေသစ်တခုကို ဖြစ်စေနိုင်ပါတယ်။
Ref : AFP