စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ မောင်တောမှာ အရပ်သားငါးဦးသေဆုံး၊ ဆယ်ဦးကျော်ဒဏ်ရာရ

Photo – ABN

အောက်တိုဘာ၊ ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာ ၂၁ ရက် နံနက် နှစ်နာရီလောက်မှာလေကြောင်းကဗုံးကြဲခဲ့လို့အမျိုးသမီးသုံးဦးအပါအဝင်အရပ်သားငါး ဦးသေဆုံးပြီးဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

“ပေါင်ငါးရာဗုံးလို့သိရတယ်၊စစ်ရှောင်တွေလည်းနေတဲ့ရွာပါ”လို့သတင်းရင်းမြစ်ကပြောပါတယ်။

အဲဒီဖားဝပ်ချောင်းကျေးရွာဝန်းကျင်မှာ လတ်တလောတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့လည်းသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

နခခ-၅တပ်စခန်းတခုသာကျန်ရှိတော့တဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ရိုဟင်ဂျာငါးဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

နောက်ဆုံးလက်ကျန် နခခ-၅တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ AAကထိုးစစ်ဆင်နေတဲ့အတွက် မောင်တောမြို့နယ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်းဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

DNAရဲ့ စာရင်းတွေအရတော့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလ၁ ရက်ကစလို့ သုံးပတ်တာကာလအတွင်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့်အရပ်သား ၃၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ၇၀လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ဉာဏ်လင်းသစ်ရဲ့ အောက်တိုဘာ၉ရက်ထုတ် အစီရင်ခံစာအရလည်း ပြီးခဲ့တဲ့မေလကနေသြဂုတ်လအထိ လေးလတာကာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ အကြိမ်ရှစ်ရာကျော်နိုင်ငံအဝန်းမှာပြုလုပ်ခဲ့ပြီး ရခိုင်ဒေသမှာအများဆုံးဖြစ်ပါတယ်။

အစီရင်ခံစာအရလေးလတာအတွင်းတိုင်းနဲ့ပြည်နယ်၁၂ခုမှာလေကြောင်းတိုက်ခိုက်မူအကြိမ်ရေ၈၂၀ပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်မှာ ၁၇၆ ကြိမ်နဲ့အများဆုံးဖြစ်ခဲ့တာပါ။

အဲဒီ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ရခိုင်ဒေသမှာအရပ်သား ၁၀၁ ဦးသေဆုံးခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။