အောက်တိုဘာ၊ ၁၉
တအာင်းတပ် TNLA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးလက်ရှိအထိ စစ်ကောင်စီလက်လွှတ်ထားရတဲ့နောင်ချိုမြို့ပေါ်ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးသေဆုံးသွားတယ်လို့သိရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဆီမီထွန်းပူဇော်လေ့ရှိတဲ့ သီ တင်းကျွတ်လပြည့်ညက ဗုံးကြဲမှုအပြီး သုံးရက်အတွင်းနှစ်ကြိမ်မြောက်အဖြစ် ဒီကနေ့မနက်ငါးနာရီကျော်အချိန်လေကြောင်းတိုက်ခိုက်မှုမှာ နောင်ချိုမြို့ တောင်ရပ်ကွက်ထဲက ဦးကျော်တို့မိသားစုနေအိမ်ပေါ်ကျရောက်ပေါက်ကွဲတာလို့ TNLA ကထုတ်ပြန်ပါတယ်။
နေအိမ်ပေါ် ဗုံးကျရောက်ပေါက်ကွဲတာကြောင့် ဦးကျော်နဲ့ သမီးနှစ်ဦးဖြစ်တဲ့ မကျော်စုဝေနဲ့ခင်နဒီကျော်တို့ သားအဖသုံးဦးလုံး သေဆုံးခဲ့တာလို့သိရပါတယ်။
ဒါ့အပြင် ငါးနာရီခွဲဝန်းကျင်မှာလည်းအလားတူ နောက်ထပ်တကြိမ် လေယာဥ်နဲ့ဗုံးထပ်ကြဲခဲ့တာကြောင့် ဦးပြားတို့မိသားစုနေအိမ်ပေါ်ကျရောက် ပေါက်ကွဲကာ ဇနီးမောင်နှံနှစ်ဦးနဲ့ နောက်ထပ်တဦး စုစုပေါင်းသုံးဦး ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီကနေ့မနက်ပိုင်း နောင်ချို့မြို့ပေါ် စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်းသုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရပြီး နေအိမ် ၁၇လုံးလောက်ပျက်စီးသွားတယ်လို့လည်း TNLA ကဆိုပါတယ်။
ဒီမတိုင်ခင် သီတင်းကျွတ်လပြည့်ည အောက်တိူဘာ ၁၇ရက်က လေကြောင်းတိုက်ခိုက်မှုမှာတော့ ဒေသ ခံ လေးဦး ဒဏ်ရာရခဲ့သေးတယ်လို့သိရပါတယ်။
မူဆယ်မြို့ကလွဲလို့ ရှမ်းမြောက်ကမြို့တွေအားလုံးကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်ဟာ ရှုံးမဲမဲပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်နေရာတွေကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA ကဝေဖန်ထားပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းတို့အတွင်း တေယ်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကြောင့် ရမခအခြေစိုက်ရာ လားရှိုးအပြင် မြို့တွေထပ်ပြီးလက်လွှတ်ထားရတဲ့စစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ငါးဆကျော်အထိတိုးမြှင့်တိုက်ခိုက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၄ရက် ကုလကော်မတီအစည်းအဝေးတရပ်မှာပြောထားပါတယ်။