ကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးအဖြစ် မြန်မာနဲ့ တရုတ်ရပ်တည်

အောက်တိုဘာ ၊ ၁၆

Freedom House အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနဲ့ တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့်ဆိုင်ရာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တကမ္ဘာလုံးအတိုင်းအတာအရလည်း ဒီဂျစ်တယ်ဆိုင်ရာလွတ်လပ်ခွင့်တွေ ကျဆင်းလာနေပြီး ၂၁ရာစုမှာ ဒီမိုကရေစီစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အင်တာနက် လွတ်လပ်ပွင့်လင်းမှုက အရေးပါကြောင်း အဆိုပါ အစီရင်ခံစာကို ပူးတွဲရေးသားသူ Kian Vesteinsson က ဆိုပါတယ်။

Freedom on the Net လို့ အမည်ရတဲ့ အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာအတွက် Freedom House က အင်တာနက်အသုံးပြုသူ ကမ္ဘာ့လူဦးရေရဲ့  ၈၇ ရာခိုင်နှုန်း ပါဝင်တဲ့ နိုင်ငံပေါင်း ၇၂နိုင်ငံကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ နိုင်ငံအများစုအနက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အစိုးရတွေဟာ ဝဘ်ဆိုဒ်တွေကို ပိတ်ဆို့တာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို ဝင်ရောက်ခွင့် ကန့်သတ်တာ ဒါမှမဟုတ် အင်တာနက်ချိတ်ဆက်မှု လုံးဝဖြတ်တောက်တာတွေ  ပြုလုပ်ခဲ့တာကို တွေ့ရှိရတယ်လို့ Freedom House အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံပေါင်း ၁၈နိုင်ငံမှာတော့ တိုးတက်မှုတွေ ရှိလာခဲ့ပြီး အိုက်စလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အင်တာနက်လွတ်လပ်ခွင့်ရှိတဲ့ ပတ်ဝန်းကျင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ် နိုင်ငံပေါင်း ၂၇ နိုင်ငံမှာတော့ အွန်လိုင်းဆိုင်ရာ  လူ့အခွင့်အရေးကာကွယ်မှုတွေ ပိုမိုဆိုးရွားလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်လို့ Vesteinsson က ပြောပါတယ်။ စစ်ကောင်စီရဲ့ နည်းဗျူဟာတွေဟာ အမှီအခိုကင်းတဲ့  သတင်းဌာနတွေကို ပိတ်ဆို့တာနဲ့ အင်တာနက်အသုံးပြုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပစ်တာတို့ ပါဝင်ပါတယ်။

တရုတ်နဲ့ မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးအဆင့်မှာ ရှိနေပေမယ့် မတူညီတဲ့ အခြေအနေရှိကြပါတယ်။

စနစ်တကျ ဆင်ဆာဖြတ်တောက်မှုကို တရုတ်နိုင်ငံသားတွေက ဆယ်စုနှစ်ချီပြီး ကြုံတွေ့ခဲ့ရပေမယ့် မြန်မာပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ဆင်ဆာ စနစ်သစ်အောက်မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ လေ့လာသင့်ယူနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref : VOA