ထားဝယ်ကမ်းနားမှာ ဆီသိုလှောင်ကန် မီးလောင်ပြီး လူသေဆုံးထိခိုက်မှုရှိ

အောက်တိုဘာ၊ ၁၄
 
ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ထားဝယ်မြစ်ကမ်းမှာ ကပ်ထားတဲ့ စက်သုံးဆီ သိုလှောင်တဲ့ကန် ဒေသအခေါ် ဆီဘောတခု ဒီကနေ့ ညနေ ၄ နာရီခွဲလောက်က မီးလောင်ပေါက်ကွဲသွားပြီး အလုပ်သမားတချို့ သေဆုံးထိခိုက်မှု ရှိတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
 
“ပေါက်ကွဲသံကြားပြီး မီးခိုးလုံးကြီးတွေတက်လာတာတွေ့ရတာပဲ၊ မီးကတော့ တော်တော်များတယ်” လို့ ထား ဝယ်မြို့ခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
မြို့ခံတချို့ကတော့ လက်နက်ကြီးကျလို့ ပေါက်ကွဲမီးလောင်တာလို့ ပြောဆိုတာတွေရှိနေသလို ဆီဖြည့်နေချိန် တယ်လီဖုန်းပြောရာကနေ မီးလောင်တာလို့ ပြောဆိုတာတွေလည်းရှိနေပါတယ်။
 
DNA အနေနဲ့ကတော့ မီးလောင်ရတဲ့ အကြောင်းအရင်းကို အတိအကျ အတည်မပြုနိုင်သေးပါဘူး။ အခု မီးလောင်ပေါက်ကွဲတဲ့ အနီးအနားတဝိုက်မှာ ထားဝယ်ခရိုင်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချနေတဲ့ ပုဂ္ဂလိကပိုင် ဆီသိုလှောင်ကန် ငါးခုလောက်ရှိနေတာပါ။
 
အခုလို မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံးတဦးရှိတယ်လို့ ကနဦးသိရပြီး ဆေးရုံတင်ထားရတဲ့ လူ နာတွေလည်းရှိတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
 
“စစ်ကားတွေ၊ မီးသတ်ကားတွေနဲ့ လမ်းမှာတော်တော်ရှုပ်နေတယ်၊ အရေးပေါ်ကားတွေလည်း သွားနေတာအ များကြီးပဲ”လို့ထားဝယ်မြို့ခံတဦးကပြောပါတယ်။
 
ထားဝယ်အခြေစိုက် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းမီးငြိမ်းသတ်နေကြပြီး ညနေ ခြောက်နာရီအထိတော့ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။ အခုမီးလောင်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ထားဝယ်မြို့၊ ကမ်းနားလမ်းက ကမ်းနားစျေးအနောက်မှာလည်း ဒီကနေ့ မနက် ၁၀ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
 
Photo Credit – Social Media