အာဖဂန်ဖျားနာရောဂါပြန့်ပွားမှုနဲ့ ပတ်သတ်ပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာန သတိပေး

အောက်တိုဘာ ၊ ၁၀

အမည်မသိ ကူးစက်ရောဂါတမျိုး ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက်  ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက အာဖဂန်နစ္စတန်နိုင်ငံကနေ ဝင်လာတဲ့ ခရီးသွားတွေကို စောင့်ကြည့်မှု အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ 

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာ ပါဝမ်ပြည်နယ် ရှီဝါရီခရိုင်မှာ တည်ရှိတဲ့ Kafshan ချိုင့်ဝှမ်းမှာ အနည်းဆုံး လူ ၅၀၀ ထက်မနည်း ရောဂါကူးစက်ခံထားရပြီး ၂ဦးသေဆုံးကြောင်း ဒေသန္တရ တာဝန်ရှိသူတွေက ထုတ်ပြန်အပြီးမှာ ထိုင်းနိုင်ငံကလည်း အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အဆိုပါ အမည်မသိရောဂါနဲ့ ပတ်သတ်လို့ တိတိကျကျ မသိရသေးပါဘူး။ ရောဂါလက္ခဏာအများစုကတော့ အားနည်းတာ ၊ ပြင်းပြင်းထန်ထန် ကိုယ်လက်ကိုက်ခဲတာ ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တာနဲ့ အပြင်းဖျားတာတို့ ဖြစ်ပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်မှာ အဆိုပါရောဂါဟာ လျင်လျင်မြန်မြန်ပြန့်နှံနေပြီး ရောဂါပြင်းထန်တဲ့ လူနာတွေကိုတော့ ပြည်နယ်ဆေးရုံတွေနဲ့ မြို့တော်ကဘူးလ်ကို လွှဲပြောင်းကုသပေးနေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ အဆိုပါရောဂါ ဖြစ်ပွားနေမှုကို သိရှိထားပြီး ခရီးသွားတွေကို စစ်ဆေးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ရောဂါထိန်းချုပ်ရေးဌာနDDCရဲ့  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပနုမက်စ် ရန်၀က်ဆာကူက အောက်တိုဘာ ၉ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်၊ အုထပေါင့်နဲ့ ဟတ်ယိုင်လေဆိပ်တွေက ဝန်ထမ်းတွေအနေနဲ့ အာဖဂန်နစ္စတန်ကနေ ဝင်လာတဲ့ ခရီးသွားတွေကို အနီးကပ် စောင့်ကြည့်ဖို့ ဌာနက တောင်းဆိုထားတယ်လို့ သိရပါတယ်။

“သူတို့မှာ အဖျားကြီးတာ ဒါမှမဟုတ် သံသယဖြစ်စရာ လက္ခဏာတွေရှိရင် နောက်ထပ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် သူတို့ကို သီးခြားခွဲထားရမှာပဲ” လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။  

အာဖဂန်နစ္စတန် လေကြောင်းလိုင်းအားလုံးရဲ့ လေယာဉ်မှူးတွေနဲ့ ဝန်ထမ်းအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ကြဖို့နဲ့ လေယာဉ်ပျံသန်းစဉ်အတွင်း နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ အကြုံပြုချက် ထုတ်ပြန်ထားပါတယ်။