အာဆီယံထိပ်သီးညီလာခံ ဒီကနေ့ စတင်ကျင်းပ

အောက်တိုဘာ ၊ ၉

၂၀၂၄ခုနှစ်ရဲ့ အာဆီယံထိပ်သီးညီလာခံကို လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းမှာ ဒီကနေ့ စတင်ကျင်းပနေပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အခြေအနေကို ထည့်သွင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အာဆီယံဟာ မြန်မာ့အကျပ်အတည်းအတွက် ညှိနှိုင်းအဖြေရှာဖို့ သုံးနှစ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့်  လက်ရှိအချိန်ထိ လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး မကြာမီလပိုင်းအတွင်းမှာပဲ ငြိမ်းချမ်းရေး ပြန်လည်ဆောင်ကျဉ်းဖို့ ရည်ရွယ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို သဘောတူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စစ်ကောင်စီဟာ အဆိုပါ သဘောတူညီချက်တွေကို လစ်လျူရှုခဲ့ပြီး အာဏာရှင်ဆန့်ကျင်သူတွေကို အကြီးအကျယ် ဖြိုခွင်းခဲ့ပါတယ်။

ဒါ့ကြောင့် အာဏာသိမ်းမှုအပြီး မြန်မာစစ်ခေါင်းဆောင်တွေ ညီလာခံတက်ရောက်မှုကို အာဆီယံက စတင်တားမြစ်ခဲ့ပြီး  အဲ့ဒီအစား နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးလွှတ်ပေးဖို့ဆိုတဲ့ အာဆီယံရဲ့ ဖိတ်ကြားမှုကိုလည်း စစ်ခေါင်းဆောင်တွေက ပြန်လည်ငြင်းပယ်ခဲ့ပါတယ်။

ဒါ့ပေမယ့် ဒီကနေ့ ကျင်းပတဲ့ ညီလာခံကိုတော့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ ၃နှစ်ခွဲကာလအတွင်း အာဆီယံထိပ်သီးညီလာခံကို စစ်ကောင်စီ ကိုယ်စားလှယ်ပထမဆုံး စေလွှတ်တာလည်း ဖြစ်ပါတယ်။

၃ရက်ကြာ ကျင်းပပြုလုပ်မယ့် ထိပ်သီးညီလာခံမှာ ပြီးခဲ့တဲ့လပိုင်းက  ဖိလစ်ပိုင် ၊ ဗီယက်နမ် ငါးဖမ်းသမားတွေနဲ့ တရုတ်ရေယာဉ်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုအပြင် တခြားဒေသတွင်းအကြောင်းအရားတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ ၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု‌တွေ တိုးမြှင့်လုပ်ဆောင်ဖို့အပြင် ကိုရီးယားကျွန်းဆွယ်တင်းမာမှု ၊ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ အပါအဝင် ဒေသတွင်းပြင်ပပြဿနာတွေလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။

အာဆီယံမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ပြီး လက်ရှိမှာတော့ လာအိုက အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားပါတယ်။

Ref : AFP