မိဘနေအိမ်ကို ပျူစောထီးတွေမီးရှို့ချိန်မှာအပြစ်တင်ခဲ့ပေမယ့် ကိုယ်တိုင်က နေအိမ်မီးရှို့မှုနဲ့သတ်ဖြတ်မှု တွေမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီဗိုလ်ကြီး

Photo – BOB/MOD

အောက်တိုဘာ၊ ၈

စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတခုလုံးပြုတ်ခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ် တွေဆီ လက်နက်ချခဲ့တဲ့ စစ်ကောင်စီအရာရှိက သူတို့တပ်တွေစစ်ကြောင်းထိုးချိန်မှာ ရွာမီးရှို့သတ်ဖြတ်မှုတွေ ကျူး လွန်ခဲ့တယ်လို့ ဝန်ခံပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမှုတွေလုပ်ချိန်မှာ ရွာဘယ်နှရွာကိုမီးရှို့ခဲ့ပြီး သတ်ဖြတ်မှုဘယ် လောက် အထိ ကျူးလွန်ခဲ့တယ်ဆိုတာကိုမသိရပေမယ့် ဘုတလင်နယ်နဲ့ အရာတော်မြို့နယ်ထဲက နေအိမ်မီးရှို့မှုနဲ့ သတ်ဖြတ်မှုတ ချို့မှာတော့ ပါဝင်ခဲ့တယ်လို့ ကသာအခြေစိုက် ခမရ ၃၀၉ တပ်ရင်းက ဗိုလ်ကြီးအောင်သူဇင်က သူ့ကိုထိန်းသိမ်း ထားတဲ့ တော်လှန် ရေးတပ်တွေကိုပြောပါတယ်။

“ကတိုးရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာ အပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့ပါတယ်၊ ပြီးတော့ အပြစ် မဲ့ပြည်သူအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။အရာတော်ကိုလမ်းကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ ပြည်သူအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်”လို့ ဘုတလင်အခြေစိုက် မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ သူကပြောထားပါတယ်။

ကတိုးရွာဟာ ဘုတလင်မြို့ မြောက်ဘက် ဆယ်မိုင်လောက်အကွာက ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေ က အဲ့ဒီရွာနဲ့ ကျွဲသေချောင်းရွာတို့ကို စက်တင်ဘာ ၂၀ရက်နဲ့ ၂၃ရက်တို့မှာ စစ်ကြောင်းထိုးစီးနင်းခဲ့ပါတယ်။

ကတိုးရွာရဲ့အနောက်ဘက် တမိုင်ခွဲလောက်အကွာက ကူတော်ရွာအခြေစိုက် စစ်အုပ်စုတပ်တွေကို တော်လှန် ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့နောက် တုံ့ပြန်စစ်ကြောင်းထိုးမှုတွေရှိခဲ့တာပါ။

ဒီစစ်ကြောင်းထိုးမှုတွေအတွင်း ဒေသခံနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်းလေးဦးသတ်ဖြတ်ခံရပြီး နေအိမ်နှစ်ဆယ်ထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြော ထားကြပါတယ်။တော်လှန် ရေးတပ်တွေထုတ်ပြန်တဲ့ဗိုလ်ကြီး အောင်သူဇင်ရဲ့ ဝန်ခံထွက်ဆိုချက်ထဲမှာတော့ အဲ့ဒီဲဖြစ်စဉ်တွေကို အသေးစိတ် ပြောမထားပါဘူး။

“ရှို့တာကတော့ ဗိုလ်ချုပ်စိုးဝင်းပါတယ်၊ ကျွန်တော်လည်းပါတယ်ပေါ့၊ စစ်ကြောင်းမှူးက ပစ္စည်းပစ္စယ တွေ့တဲ့ အိမ်တွေကိုအဓိကရှို့ခိုင်းတာ”လို့ ဘုတလင်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ULF စစ်ကြောင်းမှူးက မေးမြန်းချိန်မှာ ဗိုလ်ကြီး အောင်သူဇင်က ထပ်မံဝန်ခံပါတယ်။

အထက်ပါစစ်ကြောင်းထိုးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း သတင်းပြန်ကြားရေး တာ ဝန်ခံကို DNAက ဆက်သွယ် မေးမြန်းပေမယ့် အသေးစိတ်ဖြေကြားပေးဖို့ငြင်းဆန်ပါတယ်။

“Crimes (ပြစ်မှု)တွေနဲ့ပတ်သတ်တာ မထုတ်ပြန်ဘူးဗျ၊တာဝန်ရှိသူတွေ ဆက်လုပ်ဆောင်ပါလိမ့်မယ်” လို့သူက ဆို ပါတယ်။

ကသာအခြေစိုက် စစ်ကောင်စီတပ်ရင်းက တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးအောင်သူရိန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က ဘုတလင်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး တော်လှန်ရေးတပ်တွေဆီ လက်နက်ချခဲ့တဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ထဲက တဦးဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အင်အား ၈၅ဦးပါစစ်ကောင်စီစစ်ကြောင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ၃၃ဦးသေဆုံးကာ လက်နက် ချအညံ့ခံသူ ၄၃ဦးရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာပါ။

ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ် ကူတော်ရွာရဲကင်းစခန်း တိုက်ပွဲမှာပါဝင်ခဲ့ သလို အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီးနောက်ဘုတလင်မြို့ပေါ်ကို ဦးတည်ထွက်ခွာလာကြတဲ့ စစ် ကြောင်းဖြစ်ပါတယ်။

ကတိုးရွာဖြစ်စဉ်အပြင် အရာတော်မြို့နယ်ထဲ စစ်ကြောင်းထိုးချိန်မှာလည်း နေအိမ်မီးရှို့မှုတွေကျူးလွန်ခဲ့သေးတယ် လို့ဗိုလ်ကြီးအောင်သူရိန်နဲ့ နောက်ထပ်စစ်သုံ့ပန်းနှစ်ဦးက ဝန်ခံကြပေမယ့် ဘယ်ရွာတွေမှာ ကျူးလွန်ခဲ့တယ်ဆို တာကိုတော့ ရုပ်သံဖိုင်ထဲမှာထုတ်ပြောတာမရှိပါဘူး။

ကိုယ်တိုင်က ပြည်သူ့နေအိမ်တွေကိုမီးရှို့ရာမှာပါဝင်ခဲ့ပေမယ့် သူ့မိဘတွေ နေထိုင်ရာနေအိမ်ကို အာဏာသိမ်း ကာလ အစောပိုင်းမှာ ဒေသခံ ပျူစောထီးတွေက မီးရှို့ခဲ့ချိန်မှာတော့ ဖုန်းနဲ့ဆက်သွယ်ပြီး ပြစ်တင်ပြောဆိုခဲ့ တယ်လို့ ဗိုလ်ကြီးအောင်သူဇင်က ULF စစ်ကြောင်းမှူးနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

“(မိဘတွေက)ရွာမှာကနေလို့မရတော့ဘူး၊အိမ်တွေ့မီးရှို့ခံလိုက်ရတာအစောပိုင်းကတည်းကရှောင်တိမ်းနေရတာပေါ့၊ပျူစောထီးပေါ့၊ပြည်သူ့စစ်ရွာကပဲလာရှို့တာ၊အဲ့ကောင်တွေကျွန်တာ်အဲ့နေ့က ဖုန်းဆက်ပြီးတော့မှဆဲတာပေါ့ ဗျာ”လို့ မိဘတွေနေအိမ်မီးရှို့ခံရတဲ့အပေါ် စိတ်ခံစားချက်ကို ULF စစ်ကြောင်းမှူးကမေးမြန်းချိန်မှာ ဗိုလ်ကြီး အောင်သူဇင်က ပြန်ပြောပါတယ်။

ဗိုလ်ကြီးအောင်သူဇင်နဲ့အတူစစ်ကြောင်းတွေမှာလိုက်ပါခဲ့ဖူးပြီး ဘုတလင်တိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ် ကောင်စီ ခမရ ၃၆၂က တပ်သားအောင်စိုးမိုးကတော့ စက်တင်ဘာလအတွင်း အရာတော်မြို့နယ်ထဲ စစ်ကြောင်း ထိုးချိန် ဗိုလ်ကြီးအောင်သူဇင်ရဲ့အမိန့်အရ အမည်မသိတဲ့ရွာတရွာက နေအိမ်တချို့ကိုမီးရှို့ရာမှာပါဝင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း တာဝန်ရှိသူကို ပြောပါတယ်။

“ကျေးရွာတွေကိုမီးရှို့တာနဲ့ရွာသားတွေကိုသတ်တာကတော့ အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ပါ၊ ကျွန်တော်တို့ လက်အောက်ငယ်သားတပ်သားရဲဘော်အဆင့်ကတော့ သူတို့မီးရှို့ဆိုလိုက်ရှို့ရတာပါ၊ရွာသားတွေကိုဖမ်းခေါ်ဆို လည်းသူတို့ခိုင်းတဲ့အတိုင်းကျွန်တော်တို့ကလုပ်ရတာပါ”လို့ သူကဆိုပါတယ်။

နောက်ထပ်စစ်သုံ့ပန်းတဦးဖြစ်တဲ့ ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် အေးမင်းဟိန်းကတော့ ရွာမီးရှို့သတ် ဖြတ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တာမရှိဘဲ နေအိမ်တွေထဲက အဝတ်အထည်၊အသုံးအဆောင်တွေကို ယူခဲ့တာ တော့ရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတခုလုံးနီးပါးပြုတ်ခဲ့တဲ့ အထက်ပါ တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်း တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ အရေးယူမှုတွေကိုလည်း စစ်သုံ့ပန်းဆိုင်ရာ ပြဌာန်းချက် တွေအတိုင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကတဆင့် လုပ်‌ဆောင်မှာဖြစ်တယ်လို့ မုံရွာခရိုင်အမှတ်(၂၀) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။