အောက်တိုဘာ၊ ၇
အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ တာဟာ လုံလောက်တဲ့ ဆေးကုသခွင့်နဲ့ သင့်တင့်တဲ့ နေရာထိုင်ခင်းမရခဲ့တာကြောင့်ဖြစ်တယ်လို့ ဥရောပသမဂ္ဂ၊ NLD ပါတီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)တို့က ဝေဖန်လိုက်ပါတယ်။
NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်ကတည်းက သွေးကင်ဆာရော ဂါခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဒီကနေ့မနက်သုံးနာရီဝန်းကျင်က မန္တလေး ဆေးရုံကြီးမှာ ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်သုံးဆယ်နီးပါးချမှတ်ခံထားရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ စစ်ကောင်စီလက်တွင်းမှာ လုံလောက်တဲ့ ဆေးကုသသမှုမရခဲ့သလို လူမဆန်၊အဆင့်နိမ့်စွာ နေထိုင်ခဲ့ရတယ်လို့ ဥရောပသမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သူမကွယ်လွန်မီ နာရီပိုင်းအလိုမှာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပေမယ့် အဲ့ဒါဟာ စစ်မှန်တဲ့ သနားကြင်နာမှုမဟုတ်ဘူးလို့လည်း ဥရောပသမဂ္ဂကထောက်ပြထားပါတယ်။
အလားတူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း စစ်ကောင်စီဟာ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခဲ့တာအတွက် အပြစ်တင်ခံရမယ့်အခြေအနေကို ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မကွယ်လွန်ခင်မှာ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာလို့ ထုတ်ပြန်ဝေဖန်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်ခွင့်မရရှိမှု၊ခဲဓာတ်ပါဝင်မှုများပြားတဲ့ သောက်သုံးရေးတွေအသုံးပြုနေရတာ၊ ထောင်တွင်း ဆေးဝါးမလုံလောက်တာ၊လုံခြုံရေးအကြောင်းပြချက်နဲ့အရေးပေါ်ဆေးကုသခွင့်မရတာတွေကြုံနေရပြီး ဒီလိုအခြေအနေတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးတာတွေရှိနေတယ်လို့ PPNM ကဆိုပါတယ်။
လက်ရှိ ၂၀၂၄နှစ်ဆန်းကနေ အခုလ ၇ရက်အထိ ဒေါက်တာဇော်မြင့်မောင်အပါအဝင် ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၃ဦးရှိပြီး အဲ့ဒီအထဲက နှစ်ဦးက တော့ အမျိုးသမီးတွေဖြစ်တယ်လို့ PPNM ကပြောပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလမှာ နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး နဝတ၊ နအဖ စစ်အစိုးရခေတ်တွေမှာ အကျဉ်းထောင်ထဲ ၁၉နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ခုနှစ်က ဖမ်းဆီးမခံရခင်အထိ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သလို NLD ပါတီ ဒုတိယဥက္ကဌ(၂)အဖြစ်လည်း ဆောင်ရွက်ခဲ့တာပါ။
ဒေါက်တာ ဇော်မြင့်မောင်ဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလမ်းညွှန်ပေးခဲ့သူတဦးဖြစ်သလို လူ့အခွင့်အရေးကို အလေးအနက်ထားခုခံကာကွယ်ခဲ့သူလည်းဖြစ်တယ်လို့ ဥရောပသမဂ္ဂထုတ်ပြန်ချက်မှာဖော်ပြ ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံနေချိန်မှာ သွေးကင်ဆာဝေဒနာအမြင့်ဆုံးအဆင့်နဲ့ပါရင်ဆိုင်ခဲ့ရပေမယ့် တကိုယ်ရေသက် သာခွင့်အတွက် စစ်အာဏာရှင်အလိုကျ ဦးမညွှတ်ခဲ့သူလို့ ဂုဏ်ပြုညွန်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးအကျဉ်းချမှုနဲ့ ကြုံနေရချိန်အတွင်း သွေးကင်ဆာရောဂါအတွက် လုံလောက်တဲ့ ကုသမှုမ ရ သလို ထောင်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ကျန်းမာရေးသိသိသာသာ ကျဆင်းခဲ့တာ၊ လုံလောက်တဲ့ ကုသမှုနဲ့ သင့်တင့်တဲ့ နေရာထိုင်ခင်းမရခဲ့တာတွေဟာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်စေတဲ့ အရင်းခံအကြောင်းတွေဖြစ်တယ်လို့NLD ပါတီက စစ်ကောင်စီကိုပြစ်တင်ဝေဖန်ထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကစလို့ ၂၀၂၀အထိ NLD ပါတီဝင် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲလေးကြိမ်လုံးမှာ အနိုင်ရခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃နှစ် အရွယ် ရှိပြီဖြစ်ပါတယ်။
မန္တလေးအိုဘိုထောင်တွင်းမှာ အကျဉ်းချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ မကွယ်လွန်ခင် လပိုင်း အ ကြာကတည်းက ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ထောင်တွင်းဆေး ရုံကို သာ ပြန်ပို့လိုနေခဲ့တာလို့ NLD ပါတီနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံ သတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။
ကွယ်လွန်ပြီးနောက် ဒေါက်တာဇော်မြင့်မောင်ရဲ့ရုပ်အလောင်းကိုတော့ ဈာပနအခမ်းအနားကျင်းပဖို့အတွက် မိသားစုနေအိမ်ကိုပြန်ပို့ထားပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတချို့လည်း နေအိမ်ကို လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။