အောက်တိုဘာ ၊ ၂
ထိုင်ဝမ်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ခရာသွန် (Krathon) ချဉ်းကပ်လာချိန် အောက်တိုဘာ ၂ရက်နေ့မှာတော့ ကျောင်းတွေ ၊ ဈေးတွေ ပိတ်ထားလိုက်ပါပြီ။
မုန်တိုင်း ကုန်တွင်းပိုင်း မဝင်ရောက်လာခင် ထိုင်ဝမ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းသည်းထန်ထန်ရွာသွန်းနေပြီး လေပြင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ခရာသွန် မုန်တိုင်းဟာ တနာရီကို လေတိုက်နှုန်း ၁၇၃ ကီလိုမီတာကနေ ၂၀၉ ကီလိုမီတာအထိ တိုက်ခတ်နေတယ်လို့ ဗဟိုမိုးလေဝသဌာနက ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ ဖြေးဖြေးချင်း ရွေ့လျားနေပြီး ကုန်းတွင်းပိုင်းဝင်ရောက်ချိန် နှောင့်နှေးနိုင်ကြောင်းနဲ့ မုန်တိုင်းဗဟိုချက်ဟာ မနက်ဖြန် မနက် ၁၀နာရီဝန်းကျင်မှာ ကုန်းတွင်းပိုင်းဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ်မှာ ရုံး၊ စာသင်ကျောင်းတွေကို ပိတ်ထားရပြီး လေကြောင်းခရီးစဉ်တွေနဲ့ ရေကြောင်းကူးတို့ဝန်ဆောင်မှုတွေကို ဖျက်သိမ်းလိုက်တဲ့အပြင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူပေါင်း ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ အပျက်အစီးများနိုင်တာကြောင့် ပြည်သူတွေ အထူးသတိထားဖို့ကိုလည်း ထိုင်ဝမ်သမ္မတ လိုင်ချင်ဒါက တိုက်တွန်းထားပြီး ကယ်ဆယ်ရေးလုပ်ငန်းအတွက် တပ်ဖွဲ့ဝင် ၄၀,၀၀၀ နီးပါး အသင့်စောင့်ဆိုင်းထားပါတယ်။
ထိုင်ဝမ်ဟာ နှစ်စဉ်ဇူလိုင်လကနေ အောက်တိုဘာလအထိ မကြာခဏ အပူပိုင်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းအရှိန်ပြင်းထန်မှု တိုးမြင့်လာပြီး မိုးသည်းတာ ၊ ရုတ်တရက်ရေကြီးတာနဲ့ လေပြင်းတိုက်ခိုက်တာတွေကို ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ခရာသွန် မုန်တိုင်းဟာ ထိုင်ဝမ်ကို မရောက်ခင် ဝေးလံခေါင်သီတဲ့ ဖိလစ်ပိုင်ကျွန်းစုတွေဆီကို ဝင်ရောက်တိုက်ခတ်ပြီး အဆိုပါဒေသမှာတော့ မုန်တိုင်းကြောင့် လျှပ်စစ်နဲ့ ဆက်သွယ်ရေး ပြတ်တောက်ကာ အိမ်အများအပြား ပျက်စီးခဲ့တယ်လို့ ဒေသခံမြို့တော်ဝန်တစ်ဦးက ပြောကြားခဲ့ပါတယ်။
Ref – AFP