စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ NUGနဲ့ NUCC တို့ပြော

အောက်တိုဘာ ၊ ၁

အာဏာသိမ်းစစ်ကောင်စီက ကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး အဲ့ဒီရွေး ကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG နဲ့ အမျိုးသားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တို့က ပူးတွဲကြေညာလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ အခြေခံဥပဒေပျက်ပြယ်သွားပြီဖြစ်သလို တော်လှန်ရေးအင်အားတွေနဲ့ ပြည်သူတွေကလည်း အဲ့ဒီအခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေအသုံးပြုပြီး ပြုလုပ်လာတဲ့ ဘယ်လိုနိုင်ငံရေးလမ်းကြောင်းကိုမှ လက်မခံဘူးလို့ လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တယ်လို့ ပြီးခဲ့တဲ့ စက် တင်ဘာလအတွင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဲ့ဒီဖိတ်ခေါ်ချက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ PDF တပ်ဖွဲ့တွေကိုပဲထည့်သွင်းဖော်ပြထားပြီး NUG ကိုတော့ ဖော်ပြမထားပါဘူး။

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာမသမာမှုတွေကြောင့် အာဏာလွှဲပြောင်းရယူခဲ့ရတယ်လို့လည်း ထည့်သွင်းဖော်ပြထား တဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့အများစု က တော့ အတုအယောင်ဖိတ်ခေါ်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ထားကြတာပါ။

NUG နဲ့ NUCC တို့ကလည်း စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကိုအကြမ်းဖက်အဖြစ် ကြေညာထား သလို မြို့ရွာတွေကိုဗုံးကြဲတာ၊ရွာတွေကိုမီးရှို့တာ၊ပြည်သူတွေကိုမတရားဖမ်းဆီးသတ်ဖြတ်မှုတွေ မရပ်မနားလုပ် နေတဲ့တချိန်တည်းမှာပဲ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုပြီး တဖက်ကဖိတ်ခေါ်လာတာဟာ ယုတ္တိမရှိတဲ့လုပ်ရပ် လို့ ဝေဖန်ပါတယ်။

စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ် သူတို့ကျူးလွန်ခဲ့တာတွေကို ဘယ်တုန်းကမှ ဝန်မခံခဲ့သလို နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေရှိလာတဲ့အခါတိုင်း ရွေးကောက်ပွဲ ဒါမှမဟုတ် အယောင်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်ပြီး အာဏာသိမ်းခြင်း အဆိုးကျော့သံသရာကိုသာ ထပ်ခါထပ်ခါ ဖြစ်နေစေခဲ့တာလို့လည်း ထောက်ပြထားပါတယ်။

စစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အရေးပါတဲ ခြေလှမ်းတရပ်အနေနဲ့ တနိုင်ငံလုံးမှာ သန်း ခေါင်းစာရင်းကောက်ယူမှုတွေ ဒီကနေ့စတင်မယ်လို့ ကြေညာထားပြီး ဒေသတချို့မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်း တွေ ကတည်းက စပြီး ကြိုတင်ကောက်ယူခဲ့တာမျိုးတွေရှိပါတယ်။

NUG နဲ့ NUCC တို့ကတော့ စစ်အုပ်စုဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ပြီး အာဏာသိမ်းယူခဲ့တဲ့ တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းတခုသာဖြစ်လို့ ရွေးကောက်ပွဲကော်မရှင်ကိုဖျက်သိမ်းတာ၊ အသစ်ပြန်ဖွဲ့စည်း တာတွေအပါအဝင် ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပနိုင်တဲ့ အခွင့်အာဏာလည်းမရှိဘူးလို့ တုံ့ပြန်ဖော်ပြ ထားပါတယ်။