ရှန်ဟိုင်းမြို့ စူပါမားကတ်တခုမှာ ဓားထိုးတိုက်ခိုက်မှုကြောင့် လူ ၃ဦးသေဆုံး

 
အောက်တိုဘာ ၊ ၁
 
တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့ အားလပ်ရက်အကြို စက်တင်ဘာ ၃၀ ရက်နေ့က ရှန်ဟိုင်းမြို့ ဆင်ခြေဖုံး စူပါမားကတ်တစ်ခုမှာ ဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံး ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
 
တိုက်ခိုက်သူဟာ အသက် ၃၇ နှစ်အရွယ် Lin အမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Songjiang ခရိုင်ဒေသခံရဲတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုအရ Lin ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ငွေကြေးအငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီးနောက် သူ့ရဲ့ဒေါသကို ဖြေဖျောက်ဖို့ ရှန်ဟိုင်းကို သွားခဲ့တယ်လို့ ဆိုပါတယ်။
 
အားလပ်ရက် ခရီးသွားလာမှု တိုးလာဖို့ မျှော်လင့်ထားချိန် တရုတ်နိုင်ငံ အမျိုးသားနေ့ “ရွှေရက်သတ္တပတ်” မတိုင်မီ တစ်ရက်အလိုမှာ အခုလို ဓားထိုးမှု ဖြစ်ပွားခဲ့တာပါ။
 
တရုတ်နိုင်ငံမှာ အခုလို ဓားထိုးမှု ဖြစ်ရပ်တွေ မြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေကတော့ ဒါတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ မကြာခဏပြောလေ့ရှိပါတယ်။ အဲ့ဒီလို တိုက်ခိုက်မှုတွေမှာ ကျောင်းတက်နေတဲ့ ကလေးငယ်တွေ ပစ်မှတ်ခံထားရလေ့ရှိပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလက တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့က စာသင်ကျောင်းနဲ့ မီတာအနည်းငယ်သာကွာတေးတဲ့နေရာမှာ အသက် ၁၀ နှစ်အရွယ် ဂျပန်ကျောင်းသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လကလည်း ဂျပန်နိုင်ငံသားနှစ်ဦး ဓားထိုးတိုက်ခိုက်ခံခဲ့ရပါတယ်။
 
Ref : Reuters