စက်တင်ဘာ၊ ၃၀
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကားဗုံး ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရခဲ့သလို ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဲဒီ ပေါက်ကွဲမှုဟာ တက်ခ်ဘိုင် ဒေသရဲ့ အုပ်ချုပ်ရေးမှူး ဂျိုင်ရက် ဆီရီဝမ်လော့ရဲ့ နေအိမ်ရှေ့မှာ စက်တင်ဘာ ၂၉ ရက် ညသန်းခေါင် မတိုင်ခင် နာရီပိုင်း အလိုမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ချိန်ကတော့ ဂျိုင်ရက်ဟာ နေအိမ်မှာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မူးအမှတ် ၃ ကျေးရွာထဲမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် တာဝန်ချိန်ပြင်ပ စျေးခဏထွက်ဝယ်တဲ့ လူငယ်စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူ နှစ်ယောက်စလုံးဟာ အသက် ၂၂ နှစ် အရွယ်တွေဖြစ်ပြီး တက်ခ်ဘိုင် ဆေးရုံကို ပို့ဆောင်ခဲ့ရာကနေ ပိုပြီး ဆေးဝါးပစ္စည်း စုံလင်တဲ့ ဆေးရုံကြီး တခုဆီ လွှဲပြောင်းစေခဲ့ပါတယ်။
ကားဗုံးပေါက်ကွဲမှုကြောင့် အနီးတဝိုက် နေအိမ်တွေကိုပါ ထိခိုက်ပျက်စီးစေခဲ့ပြီး အိမ်တချို့ မီးစွဲလောင်ခဲ့ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ မျက်နှာတွေကို ဖုံးကွယ်ထားတဲ့ လူ ၅ ဦးဟာ MG ကားအသစ် တစီးကို အဲဒီ နေရာနားမှာ ရပ်နားပြီး ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ကြောင်း၊ မကြာခင်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်း စုံစမ်းမှုတွေအရ အဲဒီကားဟာ ပေါက်ကွဲမှု မဖြစ်ခင် တနာရီလောက် အလိုက ၅ ကီလိုမီတာလောက် ကွာဝေးတဲ့ နေရာမှာ အခိုးခံခဲ့ရတယ်လို့လည်း ဖော်ထုတ် သိရှိလာရပါတယ်။ ကားပိုင်ရှင်ဟာ ထိုင်းစစ်တပ် အရန်တပ်ဖွဲ့ဝင် တဦးရဲ့ ဇနီး ဖြစ်ပါတယ်။
တက်ခ်ဘိုင် အပါအဝင် ထိုင်းတောင်ပိုင်း ဒေသတချို့မှာ ခွဲထွက်ရေး လိုလားတဲ့ မွတ်ဆလင် သူပုန်အဖွဲ့တွေ ဖြန့်ကျက် လှုပ်ရှားနေပြီး အရပ်သားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ အရင်ကလည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
Ref: Bangkok Post