တနာရီအတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်တဒါဇင်ကျော်ကြုံခဲ့ရတဲ့ ကောလင်းနယ်က တဂေါင်းအိုင် ကျေးရွာ

စက်တင်ဘာ ၊ ၂၈

စစ်ကိုင်းတိုင်းကောလင်းမြို့နယ် အနောက်ခြမ်းကတဂေါင်းအိုင်ကျေးရွာကိုစစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်အထိလုပ်ခဲ့တာကြောင့် ကလေးတဦးခြေထောက်ဖြတ်ရနိုင်တဲ့ ဒဏ်ရာရခဲ့ပြီး ကျေးရွာဆယ်ရွာလောက်က ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခြေထောက်ဖြတ်ရနိုင်တဲ့အထိ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်ဟာ အသက်ကိုးနှစ် အရွယ် ရွာခံကလေးတဦးဖြစ်ပြီး နေအိမ်ခြောက်လုံးလောက်လည်း ပျက်စီးသွားတယ်လို့ ကောလင်းခရိုင် PDF တပ်ရင်း ၂က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက တဂေါင်းအိုင်ရွာကို ဒီကနေ့ နေ့လယ် ၁၂နာရီခွဲကနေ တနာရီခွဲအထိ အချိန် တနာရီလောက်အတွင်း MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ခြောက်ကြိမ်၊ MI-2 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ရှစ်ကြိမ်စုစုပေါင်း ၁၄ကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ အဲ့ဒီရွာအပြင် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘူးလို့ ကောလင်းခရိုင် PDF တပ်ရင်း ၂ ထုတ်ပြန်ချက်မှာဖော်ပြထားသလို ဒေသတွင်းမြေပြင်အခြေအနေဖော်ပြပေးနေတဲ့ Kawlin Info အဖွဲ့ တာဝန်ရှိသူတဦးကလည်း အလားတူပြောပါတယ်။

“စစ်ပွဲလည်းမရှိ PDFလည်း မရှိ အရပ်သားများသာနေထိုင်သော ကျေးရွာလေးဖြစ်ပါသည်”လို့ ကောလင်းခရိုင် PDF တပ်ရင်း ၂ကဆိုပါတယ်။

ဒါပေမယ့် သတင်းတချို့မှာတော့ အဲ့ဒီရွာမှာ ပကဖ ဆေးခန်းဖွင့်လှစ်ထားတာရှိတယ်လို့ ဖော်ပြတာကြောင့် ကော လင်းခရိုင် PDF တပ်ရင်း ၂ကိုမေးမြန်းရာမှာတော့ “ဘာဆေးခန်းမှမရှိပါဘူး”လို့ တုံ့ပြန်ပါတယ်။

တနာရီလောက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်လောက်ကြုံခဲ့ရတဲ့နောက် တဂေါင်းအိုင်ကျေးရွာ ဒေသခံ တွေအပါအဝင် အနီးတဝိုက် ကျေးရွာဆယ်ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ Kawlin Info အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

တဂေါင်းအိုင်ကျေးရွာဟာ မူးမြစ်အရှေ့ဘက်ကမ်း လေးမိုင်လောက်အကွာ၊ကောလင်းမြို့နဲ့ အဖြောင့်တိုင်းရင် ဆယ်မိုင်လောက်အကွာမှာရှိပါတယ်။ တဂေါင်းအိုင်ကျေးရွာ မြောက်ဘက် မိုင်သုံးဆယ်လောက် အကွာမှာတော့ ပင်လည်ဘူးမြို့ရှိပါတယ်။

ပင်လည်ဘူးမြို့မှာတော့ အခုလအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ မြို့တွင်းအထိ တိုက်ပွဲပြင်း ထန် နေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။