စက်တင်ဘာ ၊ ၂၈
ကာကွယ်ရေးဝန်ကြီးဟောင်း တဦးဖြစ်တဲ့ ရှီဂီရူ အီရှီဘာဟာ ဂျပန်ရဲ့ ဝန်ကြီးချုပ်သစ် နေရာကို ဆက်ခံနိုင်တော့မှာ ဖြစ်ပါတယ်။
အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ ပါတီခေါင်းဆောင်သစ် မဲပေးမှု အစီအစဉ်မှာ အသက် ၆၇ နှစ်အရွယ် အီရှီဘာဟာ ပြိုင်ဘက် ၈ ယောက်ကို အသာစီးယူ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပါတီခေါင်းဆောင် နေရာအတွက် ဆက်အရွေးချယ် မခံတော့တဲ့ လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ ပါတီခေါင်းဆောင် နေရာရော၊ ဝန်ကြီးချုပ် ရာထူးကိုပါ ဆက်ခံခွင့် ရရှိတော့မှာပါ။
ကီရှီဒါဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၃ နှစ်ကြာ တာဝန်ယူပြီးခဲ့တဲ့နောက် ပါတီ အရာရှိ တချို့ရဲ့ အဂတိ လိုက်စားမှုကိစ္စ စွပ်စွဲခံရတဲ့ အရှုပ်အထွေးတွေ၊ ပါတီပုံရိပ် ကျဆင်းမှုတွေကို တာဝန်ယူပြီး ပါတီခေါင်းဆောင်အဖြစ် ဆက်လက် ရွေးကောက်ခံ ယှဉ်ပြိုင်တာမျိုး မလုပ်တော့ဖို့ ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အီရှီဘာဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် ပြုလုပ်မယ့် လွှတ်တော်တွင်း ဝန်ကြီးချုပ်သစ်နေရာ မဲခွဲမှုကို ဘာပြဿနာမှ မရှိဘဲ ကျော်လွှားနိုင်မှာပါ။ အကြောင်းကတော့ LDPဟာ လွှတ်တော်ရဲ့ အမတ်နေရာ အများစုကို ထိန်းချုပ်ထားပြီး ဖြစ်လို့ပါပဲ။
အီရှီဘာက ဝန်ကြီးချုပ်သစ် ဖြစ်လာချိန်ကျရင် ဦးစားပေးအဆင့် သူဆောင်ရွက်ရမယ့် ကိစ္စတွေဟာ ပါတီရဲ့ ပုံရိပ်ကို သန့်စင်ဖို့၊ နိုင်ငံစီးပွားရေး မူဝါဒတွေနဲ့ လုံခြုံရေး အစီအမံတွေကို ပြန်လည် တည့်မတ်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
သူက ဂျပန်ရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကို ဂျပန်နဲ့ ရုရှားတို့က မကြာခဏ အကဲစမ်းသလို ထိပါးနေတာတွေ၊ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေဟာ ဂျပန်အနေနဲ့ လုံခြုံရေး အစီအမံတွေကို ဦးစားပေးအဆင့် တိုးမြှင့်ဖို့ လိုအပ်နေကြောင်း မြင်သာစေတယ်လို့လည်း ဆိုပါတယ်။
LDPဟာ ၁၉၅၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့ချိန် ကတည်းက အမြဲလိုလို ဂျပန်ရဲ့ အာဏာရ ပါတီအဖြစ် ရပ်တည်ခဲ့ပေမယ့် လက်ရှိ အခြေအနေမှာတော့ လူထုထောက်ခံမှု ကျဆင်းမှုတွေကြောင့် မူဝါဒပိုင်း အရေးပေါ် ပြင်ဆင်မှုတွေ လိုအပ်နေပါတယ်။ ကီရှီဒါ ကိုယ်တိုင်ကလည်း သူ့နေရာကို ဆက်ခံမယ့် ခေါင်းဆောင်ဟာ အလုံးစုံ ပြောင်းလဲမှုတွေဆီ ဦးတည်တဲ့ ပုံစံသစ်မျိုး လိုအပ်လိမ့်မယ်လို့ သတိပေးထားပါတယ်။
အီရှီဘာက ပါတီခေါင်းဆောင်ဖြစ်ဖို့ သေချာသွားချိန်မှာတော့ ဂျပန်ယန်းငွေ တန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်ရင် ပြန်ပြီး တက်ရိပ် ပြလာခဲ့ပါတယ်။ အီရှီဘာဟာ နိုင်ငံစီးပွားရေးနဲ့ လုံခြုံရေးလို ပြည်တွင်း စိန်ခေါ်မှုတွေအပြင် ဂျပန်ရဲ့ အဓိက မဟာမိတ် အမေရိကန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာမယ့် ကိစ္စလိုမျိုး အခြေအနေတွေကိုပါ ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။
Ref: Reuters