ဘာသာရေးပွဲတော်အဖြစ် ရေချိုးသန့်စင်ကြရာကနေ အိန္ဒိယမှာ ကလေး လေးဆယ်နီးပါး ရေနစ်သေဆုံး

စက်တင်ဘာ ၊ ၂၇ 

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်းမှာ ဘာသာရေး ပွဲတော် တစ်ခုအတွက် မိသားစုတွေ ရေချိုး သန့်စင်ကြရာက ကလေး ၄၀ နီးပါး ရေနစ် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကလေး ၃၇ ဦး၊ အမျိုးသမီး ၇ ဦးတို့ အပါအဝင် အနည်းဆုံး လူ ၄၆ ဦးဟာ နိုင်ငံအရှေ့ပိုင်းက ဘီဟာပြည်နယ်ရဲ့ ဒေသပေါင်း ၁၅ ခုထဲမှာ ၂၄ နာရီအတွင်း ရေနစ်သေဆုံးခဲ့ကြတာလို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

 ၃ ရက်ကြာ ကျင်းပတဲ့ ဂျီဗစ်ပူထရီကာ ပွဲတော်ဟာ နှစ်စဉ် ကလေးတွေရဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ရည်ရွယ် ပြုလုပ်တာ ဖြစ်ပြီး မြစ်တွေ၊ ရေကန်တွေထဲမှာ ဘာသာရေး ဓလေ့တွေနဲ့အညီ ရေချိုး သန့်စင်ကြလေ့ ရှိပါတယ်။

ဒီနှစ်မှာတော့ အဲဒီမြစ်ချောင်း အင်းအိုင်တွေဟာ ရေကြီးရေလျှံမှုတွေ ကြုံထားပြီး ပုံမှန်ထက် ရေမျက်နှာပြင် မြင့်တက်နေသလို ဝမ်းနည်းစရာ သေဆုံးမှုတွေ ကြုံတွေ့လာစေတယ်လို့ ဘီဟာ ပြည်နယ်ရဲ့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ လူအများအပြားဟာ ရေမျက်နှာပြင်က အန္တရာယ်ရှိလောက်အောင် မြင့်တက်နေတယ် ဆိုတာကို သတိပေးချက်တွေကို ဂရုမစိုက်ဘဲ မြစ်တွေ၊ ရေကန်တွေထဲ ဆင်းပြီး ရေချိုး သန့်စင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘီဟာ ပြည်နယ် အာဏာပိုင်တွေ သေဆုံးသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး ပေးအပ်သွားမယ်လို့ ပြောကြားထားပါတယ်။

အိန္ဒိယမှာတော့ လူအရမ်းထူထပ်တဲ့ အထင်ကရ ပွဲတော်တော်မှာ မတော်တဆ လူသေဆုံးတဲ့ ဖြစ်ရပ်တွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ အထူးသဖြင့် ကျဉ်းမြောင်းတဲ့ နေရာတွေမှာ လူတွေ အရမ်းစုပြုံ တိုးဝှေ့မှုတွေကြောင့် လူတွေ အသက်ရှူမွန်းကျပ် သေဆုံးတာ၊ အချင်းချင်း နင်းမိပြီး သေဆုံးတာတွေ ဖြစ်လေ့ ရှိပါတယ်။

ဇူလိုင်လတုန်းက ယူတာပရာဒေ့ရှ် ပြည်နယ်မှာ ဘာသာရေး ပွဲတော် တခုအတွက် လူတွေ စုဝေးနေတဲ့အချိန်မှာ အချင်းချင်း တက်နင်းမိကြရာက လူပေါင်း ၁၂၁ ဦးထက်မနည်း သေဆုံးခဲ့ဖူးပါတယ်။

၂၀၁၈ တုန်းကဆိုရင်လည်း ပန်ဂျပ် ပြည်နယ်ထဲမှာ ဟိန္ဒူ ဘာသာရေးဆိုင်ရာ ဒူရှာရာ ပွဲတော်ကို စုဝေး ကြည့်ရှုနေတဲ့ လူအုပ်ကို ရထားဝင်တိုက်ခဲ့တာကြောင့်လည်း လူပေါင်း ၆၀ နီးပါး အသက်ဆုံးရှုံးခဲ့ပါသေးတယ်။

Ref: BBC