စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပေမယ့် အကြမ်းဖက်သောင်းကျန်းသူတွေလို့ ဆက်လက်သုံးနှုံး

Photo – စစ်ကောင်စီ

စက်တင်ဘာ၊ ၂၆

အာဏာသိမ်းမှုဆန့်ကျင်တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် PDF တွေကို နှိမ်နင်းမယ်လို့စစ် ခေါင်းဆောင်က အကြိမ်ကြိမ်ကြွေးကြော်ခဲ့ပေမယ့် ဒီကနေ့မှာတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးမယ်ဆိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။

လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာတာပါ။

ဒါပေမယ့် အဲဒီထုတ်ပြန်ချက်မှာ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်သူအဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေလို့ သုံးနှုံးဖော်ပြထားပါတယ်။

ရမခဌာနချုပ်နဲ့ လားရှိုးမြို့အပါအဝင် မန္တလေးတိုင်းအတွင်းက မြို့တချို့ပါ လက်လွှတ်ခဲ့ရပြီးနောက် ဆုံးရှုံးဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးပြုလုပ်နေတဲ့ စစ်ကောင်စီက အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကိုလည်း ထုတ်ပြန်လာတာပါ။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်၊ အကြမ်းဖက်လမ်းစဉ်နဲ့ လက်နက်စွဲကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကြောင့် နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ အခြေခံအဆောက်အအုံတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရမှုတွေဖြစ်ခဲ့တယ်လို့လည်း လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို အပြစ်တင်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လက်ရှိအချိန်ဟာ သူတို့ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေမယ့် သန်းခေါင်စာရင်း စတင်ကောက်ယူတော့မယ့်အချိန်ဖြစ်သလို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လို့လည်းဆိုပါတယ်။

လက်ရှိစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ တော်လှန်ရေး အင်အားစုအသီးသီးကတော့ အာဏာသိမ်းစစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို ပူးပေါင်းပါဝင်သူတွေကိုလည်း အရေးယူမယ်လို့ ဆိုထားကြတာပါ။

ဒါပေမယ့် ရမခဌာနချုပ်အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် MNDAA ကတော့ ချက် ချင်းအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့ ဖြေရှင်းဖို့ဆန္ဒရှိကာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံလက်ရှိအခြေအနေကို ကြားဝင်စေ့စပ်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းမယ်လို့ အကြိမ်ကြိမ်ကြွေးကြော်ထားသလို တွေ့ဆုံဆွေးနွေးမှု လုပ်မှာမဟုတ်ဘူးလို့လည်းဆိုထားတာပါ။

“အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့ တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်း သည်အထိ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်”လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ၇၇နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းမှာထည့်ပြောခဲ့ပါတယ်။